26 C
Yangon

ဝက်လက်မြို့နယ်တွင် ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၆ ဦး ထိခိုက်သေဆုံး၊ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲခြင်းကြောင့် နေအိမ် ၂ လုံးမီးလောင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၆ ဦး ထိခိုက်သေဆုံးခဲ့ပြီး စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲခြင်းကြောင့် နေအိမ် ၂ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများနှင့် ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်တွင် ဝက်လက်မြို့နယ်၊ ရှားကွဲရွာ အနောက်ဘက် တောကြီးတောတိုက်အနီးတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒရုန်း ၁ စီးဖြင့် အမှတ် ၃ ကားလမ်းမကြီး အရှေ့ဘက် ရှားကွဲ လမ်းစုံတောင်ဘက်တွင်ရှိသော တောက်ပကြယ် ကုန်စုံဆိုင်ပေါ်ကို မီးလောင်းဗုံး ကျဲချ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၂ လုံး မီးလောင်နေကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် ရှားကွဲရွာ အနောက်ဘက်ရှိ တောကြီးတောတိုက်အနီးမှ စစ်ဘေးရှောင် ပြည်သူများ၏တောတဲများကိုလည်း ဝင်ရောက် မွှေနှောက်ပြီး ပစ္စည်းများကို ခိုးယူကာ ထုံးဘိုရွာအတွင်းကို ကားများဖြင့် ယူဆောင်သွားကြောင်း၊ ကျန်ရှိနေသော စစ်သား အင်အား ၇၀ ခန့်သည် ရှားကွဲရွာအတွင်း တပ်စွဲနေထိုင်ခဲ့ကြောင်း သိရှိရသည်။

ယင်းစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ရှားကွဲရွာမှ ထွက်လာပြီး အမှတ် ၃ ကားလမ်းမကြီးကို စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိခိုက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၆ ဦးထက်မနည်း သေဆုံးကာ စစ်ကြောင်း အထိနာပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာကတော့ ဟုတ်ပါတယ်။ ကျနော်တို့ကြားတာတော့ စစ်ခွေး ၆ ကောင်ထက်မနည်း သေဆုံးတယ်။ အဲထက်လည်းများနိုင်တယ်။ အဲစစ်ကြောင်းက အထိနာပြီး ရှားကွဲဘက်ကို ပြန်ဆုတ်သွားတယ်။ တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုတော့ သက်ဆိုင်ရာ တော်လှန်ရေး တပ်တွေ ထုတ်ပြန်ပါလိမ့်မယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အရှေ့မြောက်ခြင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာပြီး ထုံးဘိုရွာ ၊ ရှားကွဲရွာ ၊ ရေဂမိုးရွာ ၊ ရွာသစ်ရွာ ၊ လှေပိုဆိပ်ရွာ နှင့် သစ်ဆိပ်ရွာတို့၌ တပ်ဖြန့်ထားသောကြောင့် ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဝက်လက်မြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်းပိုင်းမှ စတင်ပြီး ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ထိ စစ်ကြောင်းထိုးနေခြင်းဖြစ်ကာ ရွာတော်ကုန်းရွာ ၊ တမာကုန်းရွာ ၊ ထုံးဘိုရွာ ၊ မူးကြီးရွာ ၊ တံတားဦးရွာ ၊ လှတောရွာ ၊ ရွေကျင်ရွာ ၊ ခေါတောရွာ ၊ စိုင်နိုင်လေးရွာ ၊ လိန်ပင်ရွာ ၊ မြင်တော်ရွာ ၊ ဦးတည်ကုန်းရွာ၊ ပင်ဇင်းရွာ၊ ကျီးကန်မြောက်ရွာ၊ ဘုရားပြန်ရွာ၊ သရက်ကြီးရွာ၊ ရွာသစ်ရွာနှင့် ရေဂမိုးရွာ တို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article