ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ် လမ်းတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာနေကြောင်း ဒေသပြည်သူများနှင့် ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြိတ်-ထားဝယ်လမ်းပိုင်းရှိ ရွှေဂူတောင်တံတား စစ်ဆေးရေးဂိတ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ရွှေဂူတောင် တံတားအနီးရှိ ရှင်မထီးရွာနှင့် ဆောဝရွာမှ ပြည်သူ ၆၀၀ ခန့်သည် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညပိုင်းကလည်း မြိတ်-ထားဝယ် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရကြောင်း၊ ထိုသို့ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေခြင်းကြောင့် ပြည်သူများက မြိတ်-ထားဝယ် လမ်းပိုင်း အသုံးမပြုသည်မှာ ၁၀ ရက်ခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်။
“မနေ့ကတော့ စစ်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ကြားရတယ်။ ရွှေဂူတောင်တံတား စစ်တပ်ဂိတ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အဲဒီဘက်က ကြားရတာပါ။ သရက်ချောင်းမြို့နယ် တစ်မြို့နယ်လုံးနီးပါး ဖုန်းလိုင်းတွေ ပြတ်တောက်နေတာ ၁၀ ရက်လောက် ရှိနေပြီဖြစ်လို့ အသေးစိတ်ကို အတိအကျ မသိရသေးဘူး။ သရက်ချောင်းမြို့နယ်အတွင်းမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အကြား တိုက်ပွဲဖြစ်သံတွေကို မကြာခဏ ကြားနေရပါတယ်။ မြိတ်-ထားဝယ်လမ်းပိုင်း၊ ပုလော-ပလောက် လမ်းပိုင်းနဲ့ သရက်ချောင်းလမ်းပိုင်းတစ်ကြောလုံးမှာ ဖုန်းလိုင်းပြတ်တောက်နေပြီး လမ်းခရီးအခြေအနေ မသေချာတာကြောင့် ပြည်သူတွေနဲ့ မော်တော်ယာဉ်တွေ သွားလာခြင်းမရှိတာ ၁၀ ရက်လောက် ရှိပါပြီ။ ရွှေဂူတောင်တံတား အနီးအနားက ရှင်မထီးရွာနဲ့ ဆောဝရွာမှ ပြည်သူ ၆၀၀ ခန့် ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရေးနှင့်မသက်ဆိုင်သော လယ်သယ်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းသည် ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်လာခြင်းကြောင့် ကျေးရွာနေပြည်သူများသည်လည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။




