ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မုံညှင်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နွေဦးသစ္စာဆေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ရေစကြိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၅၈ တပ်ရင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မုံညှင်းရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး မုံညှင်းကျေးရွာမှ အသက် ၆၂ နှစ်အရွယ် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လို့ မုံညှင်းကျေးရွာကို လက်နက်ကြီးကျည်ကျပြီး ပြည်သူ အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးတယ်။ ပြည်သူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်” ဟု နွေဦးသစ္စာဆေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာသော စက်တပ်လေထီး ၂ စီးသည် ရေစကြိုမြို့နယ် ချင်းယားကုန်းကျေးရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေပြည်သူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း တပ်မ ၁၀၁ မှ တက်လာသော စက်တပ်လေထီး ၁ စီးသည် ရေလယ်ကျွန်းဒေသ ကျေးရွာများကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ မိုးဖြူကျေးရွာမှ နေအိမ် ၁ လုံး၊ ငတရော်ကျေးရွာမှ ဘုန်းကြီးကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးခဲ့ပြီး ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။






