26 C
Yangon

ဖာပွန်ခရိုင်တွင် ၁၅ ရက်တာအတွင်း တိုက်ပွဲ ၅၇ ကြိမ်ဖြစ်ပွားပြီး စစ်သား ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် ၁၅ ရက်တာ အတွင်း တိုက်ပွဲ ၅၇ ကြိမ်ဖြစ်ပွားပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း KNU-မူတြော်ခရိုင်က သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထိ ဖာပွန်ခရိုင်တွင် အကြမ်းဖက် စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တို့ တိုက်ပွဲ ၅၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦး သေဆုံးကာ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲများအတွင်း KNLA တပ်မဟာ ၅ ဘက်မှ ရဲဘော် တချို့ ထိခိုက်မှုရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားရာနေရာများအပြင် တိုက်ပွဲနှင့် မသက်ဆိုင်သော ကျေးရွာများကိုပါ ဒရုန်းဖြင့် ၂ ကြိမ်၊ ဂျက်ဖိုက်တာဖြင့် ၁၆ ကြိမ်၊ လက်နက်ကြီးများဖြင့် ၇ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ပြီး ဖာပွန်မြို့နှင့် ၄ မိုင်ခန့်အကွာ၊ ကမမောင်းမြို့နှင့် ၄၉ မိုင်ခန့်အကွာရှိ အကြမ်းဖက် စစ်တပ်၏ ဖာပွန်ဗျူဟာစခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့များက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာနေသောကြောင့် လေကြောင်းပစ်ကူများဖြင့် အပြင်းအထန် ခုခံ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ကတိုင်တိ စစ်တပ် စခန်းနှင့် ကမမောင်းမြို့ရှိ စစ်တပ် စခန်းများကလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်နေကြောင်း သိရသည်။

ဖာပွန်မြို့ကို ၂၀၂၄ ခုနှစ် မတ်လတွင် KNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သော်လည်း ဗျူဟာကုန်းတွင် ကျန်ရှိနေသည့် စစ်တပ်စခန်းကို ဆက်လက် ပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထိုဗျူဟာကုန်းပတ်လည်ကို တော်လှန်ရေး ပူးပေါင်းတပ်များက ပိတ်ဆို့ထားသည်မှာ ၁ နှစ်ကျော်ကြာမြင့်နေပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article