ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်နှင့် စာသင်ကျောင်းများ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရွှေကျင်မြို့နယ်၊ ဝိုင်ကျွန်းရွာကို စစ်တပ်၏ စက်တပ်လေထီး ၁ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ၁ လုံးထိမှန်ပျက်စီးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်လည်း စက်တပ်လေထီး ၁ စီးက ပေါင် ၃၀၀ ဗုံး ၁ လုံး ပျဥ်ရင်ကျေးရွာ အတွင်းသို့ လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ၂ လုံးနှင့် ပျဥ်ရင်ကျေးရွာ စာသင်ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ပြီး နွား ၁ ကောင် နှင့် မြင်း ၁ ကောင် သေဆုံးကာ နွား ၄ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မုန်းမြို့နယ်တွင်လည်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အကြမ်းဖက် စစ်တပ် ခမရ ၃၀၇ နှင် ခမရ ၄၃၉ တို့ ပူးပေါင်းတပ်ရင်းက ကင်မွန်းခြုံကျေးရွာအတွင်းကို လက်နက်ကြီး ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ အသက် ၅၈ နှစ်အရွယ် ဦးဝင်းနိုင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ကျောက်ကြီးမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ အကြမ်းဖက် စစ်တပ်၏ ခမရ-၂၆၄ တပ်ရင်းက ဒရုန်း၊ လက်နက်ကြီးများဖြင့် ရေတွင်းကုန်းကျေးရွာတွင်းသို့ လာရောက်ပစ်ခတ်ခဲ့ရာ နေအိမ် ၃ လုံး ၊ ဂိုဒေါင် ၁ လုံး၊ ဆိုင်ကယ် ၁ စီး ထိမှန်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် စက်တပ်လေထီးကလည်း တောင်ခင်ကျေးရွာနှင့် ကြိတ်ကွေးကျေးရွာ တို့ကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် တောင်ခင်ကျေးရွာမှ နေအိမ် ၂ လုံးနှင့် ကြိတ်ကွေးကျေးရွာမှ နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်သည် ညောင်လေးပင် ခရိုင်အတွင်း နေထိုင်သော အရပ်သား ပြည်သူလူထုများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို ရည်ရွယ် ချက် ရှိရှိ အဆက် မပြတ် ကျူးလွန်လျက်ရှိသောကြောင့် ဒေသတွင်းနေထိုင်သော ပြည်သူလူထုများမှာ ထိတ်လန့် ကြောက်ရွံ့စွာဖြင့် အသက်ရှင်နေထိုင်နေကြရကြောင်း KNU ဗဟိုက ပြောဆိုထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က အမှတ်-၃ ကားလမ်းမပေါ်ရှိ ငါးကြင်အိုင်ရွာထိပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Wetlet Informational Network ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် ဝက်လက်မြို့နယ် အရှေ့ခြမ်း သစ်ဆိပ့်ရွာထဲတွင် စစ်ကြောင်းထိုး တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဒရုန်း ၁ စီးဖြင့် အမှတ် ၃ ကားလမ်းပေါ်ရှိ ငါးကြင်အိုင်ရွာထိပ်ကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
“ပြည်သူတွေ ထိခိုက်တာတော့မရှိဘူး။ စစ်ခွေးတွေက ရွာတွေကို အကြောင်းမဲ့ ဗုံးလိုက်ကျဲတာ တိုက်ပွဲမဖြစ်လည်းကျဲတယ်။ တိုက်ပွဲရှိလည်းကျဲတယ်။ အဲစစ်ခွေးစစ်ကြောင်းက သစ်ဆိပ့်ရွာထဲမှာ စစ်ကြောင်းထိုး ဝင်ရောက်ပြီး တပ်စွဲထားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။






