ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
အကြမ်းဖက်စစ်တပ်က တပ်ရင်းတပ်ဖွဲ့များနှင့် စစ်သင်တန်းကျောင်းများတွင် ၂ နှစ်အတွင်း NUG နှင့် PDF များကို အပြီးသတ်ချေမှုန်းနိုင်မည်ဟု ဝါဒဖြန့်မှုများ လုပ်နေကြောင်း တပ်သတင်းရင်းမြစ်နှင့် တပ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။
ပဲခူးတိုင်း၊ အင်းတကော်မြို့အခြေစိုက် စစ်တပ်တပ်ရင်းတပ်ဖွဲ့များတွင် ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့သော ဒါဘာအစည်း အဝေးတွင် တပ်မိသားစုများနှင့်စစ်သည်များကို လာမည့် ၂ နှစ်တာကာလအတွင်း အကြမ်းဖက် သောင်းကျန်းမှုများကို စစ်တပ်က အပြီးသတ်ချေမှုန်းနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ ၂ နှစ်တာကာလပြီးဆုံးပါက အားလုံး အေးချမ်းစွာ တပ်တာဝန်များဖြင့် နေနိုင်မည်ဖြစ်၍ ၂ နှစ်သာ တောင့်ခံထားရန် လိုသည်ဟု ပြောဆို ဝါဒဖြန့်လာကြောင်း သိရှိရသည်။
” ဒီလာမယ့် ၂ နှစ်အတွင်းမှာ တပ်မတော်က ဖိဖိစီးစီးနဲ့ အကြမ်းဖက်နှိမ်နင်းရေး လုပ်မယ်။ ၂ နှစ်အတွင်းမှာတော့ NUG ရော PDF အပြီးချေမှုန်းမှာမို့ ၂ နှစ်ပဲတောင့်ခံထားရရင်ရပြီ။ ၂ နှစ်ပြီးရင် အားလုံး တပ်မှာ သက်သက်သာသာနဲ့ အနားရပြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်ပြီလို့ ပြောတယ်” ဟု ခမရ ၁၀၁ မှ တပ်မိသားစုဝင်တစ်ဦးက ပြောဆိုသည်။
အလားတူ ဖေဖော်ဝါရီလ ၆ ရက်နေ့ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်တွင် တည်ရှိသော အမှတ် ၁ တန်းမြင့်လေ့ကျင့်ရေးကျောင်း (ဂျိုးဖြူ)တွင် ပြုလုပ်ခဲ့သော စစ်မှုထမ်းသင်တန်းအပတ်စဉ် ၁၉ သင်တန်း ဆင်းပွဲတွင်လည်း စစ်တပ်ဘက်မှ အရာရှိများက လက်နက်ကိုင် အကြမ်းဖက်မှုများကို အမြစ်ပြတ် ချေ မှုန်း ရန် စီမံချက်ချမှတ်ထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် လာမည့် ၂ နှစ်အတွင်း လက်နက်ကိုင် ဆူပူမှုများကို အပြီး သတ်ချေမှုန်းနိုင်မည်ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရှိရသည်။
” ၂ နှစ်အတွင်းမှာ အပြီးသတ် ချေမှုန်းမယ်။ ၂ နှစ်အတွင်း အပြီးချမယ် ဆိုပြီး တပ်နယ်မှူးက သင်တန်းဆင်း စစ်မှုထမ်းတပ်သားတွေကို ပြောတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကော်မရှင် အစည်းအဝေးတွင်လည်း အကြမ်းဖက် မင်းအောင်လှိုင်က စစ်အင်အား၊ ရဲအင်အား၊ လူထုအင်အား စုစည်း၍ အကြမ်း ဖက်သမားများကို နှိမ်နင်းမည်ဟု ပြောဆိုခဲ့သည်။
ပြည်သူလူထုတည်ငြိမ်အေးချမ်းမှုကို အပြည့်အဝခံစားနိုင်ရေး တပ်မတော်၏အင်အား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အင်အား၊ ပြည်သူ လူထု၏ အင်အားများစုစည်း၍ အကြမ်းဖက်သမားများကို နှိမ်နင်းရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို အုပ်ချုပ်မှုနည်းလမ်း၊ စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ပေါင်းစပ်ဆောင်ရွက်သွားကြရန်လိုကြောင်း မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့သည်။




