ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
မကွေးတိုင်း၊ မကွေးတံတား (မင်းဘူးဘက်ခြမ်း) စစ်ဆေးရေးဂိတ်တွင် စစ်တပ်က အကြောင်းမဲ့ ပစ် ခတ်မှုကြောင့် မင်းဘူးမြို့မှ အောင်မင်းခေါင်ဆေးဝါးအရောင်းဆိုင်ပိုင်ရှင် ကိုအောင်ကျော်မိုး ထိမှန်သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညပိုင်း မင်းဘူးမြို့မှ အောင်မင်းခေါင် ဆေးဝါးအရောင်းဆိုင်ပိုင်ရှင် ကိုအောင်ကျော်မိုးက မိသားစုနှင့်အတူ ဟိုက်ဂျက်ကားဖြင့် မကွေးတံတားစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းကြောင်း၊ ထိုသို့ ဖြတ်သန်းစဉ် ဂိတ်ကို ဖြတ်သန်းပြီးနောက် စစ်တပ်က သေနတ်ဖြင့် လိုက်လံပစ်ခတ်ရာ ယာဉ်မောင်းသူ ကိုအောင်ကျော်မိုးမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
“ကိုအောင်ကျော်မိုးနဲ့ သူ့မိတ်ဆွေက ခရီးသွားရာကနေ ပြန်လာတာ။ သူ့မိတ်ဆွေက ရှေ့ကား၊ ကိုအောငကျော်မိုးကားက ဟိုက်ဂျက် နောက်ကား၊ မကွေးတံတား (မင်းဘူးဘက်အခြမ်း) တိုးဂိတ်မှာ ကား ၂ စီးလုံးရပ်တယ်။ ရှေ့ကကားကို သွားခွင့်ပေးလိုက်တော့ ကိုအောင်ကျော်မိုးကလည်း သူ့ဟိုက်ဂျက်ကားကို လိုက်ထွက်တာပေါ့။ အဲဒါကို တိုးဂိတ်လွန်သွားမှာ စစ်တပ်က “ဟေ့ ဟေ့” လို့ အော်ပြီး သေနတ်နဲ့ လှမ်းပစ်တာ။ ကိုအောင်ကျော်မိုးက ပွဲချင်းပြီး နောက်စေ့မှန်ပြီး ဆုံးတယ်” ဟု ဖြစ်စဉ်ကို သိရှိထားသော မကွေးဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ကိုအောင်ကျော်မိုး စစ်တပ်က ပစ်လိုက်ပြီးနောက် ဟိုက်ဂျက်ကားပေါ်တွင်ပါလာသော မိသားစုဝင် ၃ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က အလောင်းကိုလည်း မကွေးဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ကိုအောင်ကျော်မိုး၏ မိသားစုဝင်များက လိုက်လံညှိနှိုင်းခဲ့သဖြင့် ရုပ်အလောင်းကို နေအိမ်သို့ ပြန်လည်သယ်ဆောင်ခွင့်ရရှိခဲ့ကာ ဖမ်းဆီးခံရသူ ၃ ဦးလည်း ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း၊ သေဆုံးသူ၏ ယောက္ခမဖြစ်သူမှာ ဦးတင်ကြိုင်သည် မင်းဘူးမြို့မှ လုပ် ငန်းရှင်တစ်ဦးဖြစ်ပြီး အသိမိတ်ဆွေပေါများသူဖြစ်သည့်အတွက် အလောင်းပြန်ရရှိရေးနှင့် ကျန်ရှိသူများ လွတ်မြောက်ရေးတွင် အဆင်ပြေချောမွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလောင်းကို သွားရောက် ရွေးယူစဉ် စစ်တပ်က သေဆုံးသူ မိသားစုထံမှ ငွေကြေး တောင်းခံခဲ့ကြောင်း၊ စစ်တပ်က ကိုအောင်ကျော်မိုးကို အကြောင်းမဲ့ ပစ်သတ်မှုအတွက် မင်းဘူးမြို့နယ်ရဲစခန်းကလည်း သေမှုသေခင်း ဖွင့်လှစ် စစ်ဆေးခြင်း မရှိကြောင်း သိရှိရသည်။
” စစ်တပ်ရဲ့ အပြစ်မရှိဘဲ ပစ်သတ်ခံရတာ မှန်ပေမယ့် အလောင်းပြန်ရတာကိုပဲ ကံကောင်းတယ်လို့ပဲ စိတ်ဖြေနေရတယ်” ဟု သေဆုံးသူ ကိုအောင်ကျော်မိုး၏ မိတ်ဆွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧရာ၀တီမြစ်ကူးတံတား (မကွေး)တွင် စစ်တပ်က စစ်ဆေးရေးဂိတ်များအဆင့် ဆင့်ဖွင့်လှစ်ကာ ခရီးသွားပြည်သူများထံမှ ငွေကြေးများအတင်းအဓမ္မတောင်း ခံ လျက်ရှိကြောင်း၊ မကွေးဘက်ခြမ်းတွင် စစ်ဆေးရေးဂိတ်တစ်ဂိတ်၊ မင်းဘူးဘက်ခြမ်းတွင် စစ်ဆေးရေးဂိတ် တစ်ခု ဖွင့်လှစ်ကာ လဝက၊ ရဲ၊ စစ်တပ်နှင့် ပသစ (ပြည်သူ့စစ်) အဖွဲ့ပေါင်းစုံဖြင့် စစ်ဆေးရေးလုပ်ဆောငကြောင်း၊ တံတားပေါ် ဖြတ်သန်းသွားလာသမျှ မော်တော်ယာဉ်များ၊ အိမ်စီးကား၊ အိုးဝေ၊ သုံးဘီဆိုင်ကယ်များမှ စတင်၍ ဖြတ်သန်းသာလာသူမှန်သမျှကို သတ်မှတ်ထားသည့် တံတားဖြတ်သန်းခအပြင် တပ်နှင့်ရဲဂိတ်များအတွက်ပါ ဆက်ကြေး၊ဂိတ်ကြေးများကို သီးသန့်ပေးဆောင် ဖြတ်သန်းရကြောင်း သိရှိရသည်။
မကွေးတံတားတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များတွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများက ညပိုင်းအချိန်များတွင် မူးယစ်ရမ်းကားနေလေ့ရှိပြီး ဖြတ်သန်းသွားလာသူများကို အကြောင်းမဲ့ရစ်ခြင်း၊ ငွေညှစ်ခြင်းများ လုပ်ဆောင်နေသည့်အပြင် အဆင်မပြေပါက ပြည်သူများကို ဖမ်းဆီးချုပ်နှောင်မှုများပါ ပြုလုပ်နေကြောင်း သိရသည်။
စစ်တပ်စစ်ဆေးရေးဂိတ်များတွင် ဆိုင်ကယ်စီးနင်းသူများကို အဓိကပစ်မှတ်ထား၍ အမှုဆင်ဖမ်းဆီးပြီး လွတ်မြောက်လိုသူများထံမှ စစ်တပ်က ငွေကျပ်သိန်း ၃၀ ဝန်းကျင်တောင်းယူကြောင်း၊ အဆိုပါဂိတ်များ၌ တာဝန်ကျ စစ်တပ်နှင့်ရဲများက အရက်သေစာသောက်စား မူးယစ်ရမ်းကားမှုများကြောင့် ခရီး သွားပြည်သူများမှာ လုံခြုံရေးအတွက်သာမက ငွေကြေးဓားပြတိုက်ခံရသည့် အခြေအန်များဖြင့်ပါ အသက်အန္တရာယ်စိုးရိမ်ထိတ်လန့်စွာ သွားလာနေရကြောင်း သိရှိရသည်။
ဓာတ်ပုံ- မင်းဘူးမြို့အဝင် စစ်ဆေးရေးဂိတ်။




