ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့တွင် နှလုံးရောဂါ ခံစားနေရသော ကိုညီညီနိုင်နှင့် သူငယ် ချင်းဖြစ်သူ ကိုနိုင်နိုင်ကျော်ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကြေးဖြင့် ရွေးထုတ်ခွင့်မပေးဘဲ လေ့ကျင့်တပ်သို့ ချက်ချင်းပို့ဆောင်လိုက်ကြောင်း Voice Of Wundwin အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၇ နာရီခန့်အချိန် သဲတောမြို့၊ မြတ်ဘုန်းရှင်ဘုရားတွင် မုန့်စားနေသည့် ကိုညီညီနိုင်နှင့် သူငယ်ချင်းဖြစ်သူ ကိုနိုင်နိုင်ကျော်ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ကိုညီညီနိုင်သည် နှလုံးရောဂါဝေဒနာသည်ဖြစ်သောကြောင့် ပေါ်တာဆွဲ ဖမ်းဆီးခြင်းမပြုလုပ်ရန် ပြော ဆိုခဲ့သော်လည်း စစ်သားများက အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ထို့သို့ ဖမ်းဆီးသွားပြီးနောက် မိသားစုဝင်များက ငွေကြေးဖြင့် လိုက်လံရွေးထုတ်နိုင်ရန် ကြိုးစားခဲ့သော်လည်း စစ်တပ်က ပြန်လည်ရွေးထုတ်ခွင့်မပေးဘဲ လူပြည့်ရန် လိုအပ်နေသည်ဟု ပြောဆိုနှင်ထုတ်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် ကိုညီညီနိုင်နှင့် ကိုနိုင်နိုင်ကျော်ကို အကြမ်းဖက် စစ်တပ်က မိတ္ထီလာမြို့ရှိ လေ့ကျင့်ရေးတပ်ကို ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။
“သဲတောမြို့၊ ကံဦးရပ်ကွက်မှာနေတဲ့ နှလုံးရောဂါ ဝေဒနာသည် ကိုညီညီနိုင်နဲ့ သူငယ်ချင်းဖြစ်သူ ကိုနိုင်နိုင်ကျော်က ၉ ရက်နေ့ညမှာ မြတ်ဘုန်းရှင်ဘုရား မြောက်ဘက်ကဆိုင်မှာ မုန့်စားနေကြတာကို စစ်ခွေးတွေက ဝင်ဆွဲသွားတာ နှလုံးရောဂါကုနေရတယ် ပြောတာလည်း မရဘူး။ အတင်း အဓမ္မကို ဖမ်းသွားတာ ငွေတောင်းသလောက်ပေးပြီး ပြန်ရွေးပါမယ် ပြောတာကို ငွေမလိုဘူး လူပဲလိုတာဆိုပြီး မိတ္ထီလာမြို့ လေ့ကျင့်ရေးတပ်ကို ပို့လိုက်ပြီလို့ သိရတယ်။ စစ်ခွေးကေတွေတောင် ညှပ်ပေးထားပြီတဲ့ အခုအဲ့ကောင်လေး နှလုံးရောဂါ ဖောက်နေတာလို့ကြားတယ်” ဟု Voice Of Wundwin အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ထို့ပြင် ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေ အင်းဝင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်မောင်ဆန်းက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်မှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်မောင်ဆန်းက ဝက်ထီးကန်ရဲစခန်းမှ ရဲများ ၊ တလုပ်ပင်အုပ်စု ဆီဆုံကုန်းလေးရွာတွင် အထိုင်ချနေသည့် စစ်တပ်နှင့်ပူးပေါင်းပြီး အင်းဝင်းကျေးရွာအုပ်စုအတွင်းရှိ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ပြီး ပြန်ရွေးငွေ ငွေကျပ် သိန်းရာချီ တောင်းခံနေကြောင်း သိရသည်။
ထို့ပြင် တင်မောင်ဆန်းသည် ကြံသယ်ကားများကိုလည်း အခကြေးငွေဖြင့် လမ်းဖြတ်သန်းခွင့်ပေးခြင်း၊ လောင်းကစားဝိုင်းများကို ဆက်ကြေးယူ ခွင့်ပြုခြင်း ၊ပြည်သူများကို နည်းမျိုးစုံဖြင့် ငွေကြေးတောင်းယူနေကြောင်း သိရှိရသည်။
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်မောင်ဆန်းက NLD အစိုးရလက်ထပ်ထဲတွင်လည်း အုပ်ချုပ်ရေးမှူးတာဝန်ယူခဲ့သော်လည်း အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူး တာဝန် ဆက် လက် ရယူကာ အထက်လူများကို ငွေကြေးပေး၍ ရာထူးကို ဆက်လက်ရယူပြီး ပြည်သူများကို နည်းမျိုးစုံ ဖိနှိပ်နေခြင်းဖြစ်ကြောင်း သိရသည်။
“တင်မောင်စန်းက အခုနောက်ပိုင်း တော်တော်လေးကို ဆိုးလာတာ ဝက်ထီးကန် ရဲစခန်းက ရဲခွေးတွေ တလုပ်ပင်အုပ်စု ဆီဆုံကုန်းလေးရွာမှာ အထိုင်ချနေတဲ့ စစ်ခွေးတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို အနိုင်ကျင့် ဖိနှိပ်တာ ပြည်သူတွေကို လက်ထောက်ချ ပေါ်တာဆွဲစေပြီး သူ့တို့ ကိုယ်တိုင် ငွေကြေး အဆမ တန်နဲ့ ပြန်လည်ရွေးယူပေးတာ ကြံကားတွေကို အခကြေးငွေနဲ့ လမ်းဖြတ်သန်းခွင့်ပေးတာ ကြောင်လျှာကုန်းတောင်စုရွာမှာ ကံစုရွာက မျိုးချစ်ဆိုတဲ့ ကောင်နဲ့ ပူးပေါင်းပြီး လောင်ကစားဝိုင်းတွေ အပတ်စဥ်လုပ်ဖို့ စီစဥ်တာတွေ ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်နေတဲ့ ကောင်ပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- သဲတောမြို့တွင် ပေါ်တာဆွဲ ဖမ်းဆီးခံရသော နှလုံးရောဂါ ခံစားနေရသော ကိုညီညီနိုင်နှင့် သူငယ် ချင်းဖြစ်သူ ကိုနိုင်နိုင်ကျော်။




