ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲဖြင့် ဖွဲ့စည်း ဖြစ်ပေါ်လာမည့် ကြံ့ဖွတ်အစိုးရကို KIO/KIA က လုံး၀ လက်မခံကြောင်း KIOKIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာန၏ ဆက်သွယ်မေးမြန်းချက်ကို ဗိုလ်မှူးကြီးနော်ဘူက အထက်ပါအတိုင်း ပြန်လည် ဖြေဆိုခဲ့ခြင်းဖြစ်သည်။
KIO/KIA က စစ်တပ်က ဦးစီးဦးဆောင်ပြုလုပ်ခဲ့သော ရွေးကောက်ပွဲကိုလည်း လက်မခံကြောင်း၊ အဆိုပါ ရွေးကောက်ပွဲကို အနိုင်ရရှိသည်ဟု ကြေညာထားသော ကြံ့ဖွတ်ပါတီမှ အမတ်များက ဖွဲ့စည်းမည့် အစိုးရသစ်ကိုလည်း KIO/KIA က မူအရ လက်မခံနိုင်ကြောင်း ပြောဆိုသည်။
“ကျနော်တို့အနေနဲ့ လက်မခံထားတဲ့ ရွေးကောက်ပွဲအရ ဖြစ်လာမယ့် အစိုးရကိုလည်း လက်မခံပါဘူး။ ဒါပေမယ့် နိုင်ငံရေးအရတော့ ကျနော်တို့ စောင့်ကြည့်မှာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောဆိုသည်။
KIO/KIA က အမျိုးသားညီညွတ်ရေးအစိုးရ-NUG အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပူး ပေါင်း၍ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ထောင်သွားမည်ဖြစ်ကြောင်း မကြာခဏဆိုသလို တရားဝင် ထုတ်ပြန် ကြေညာထားသည်။




