ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်တွင် BNRA အဖွဲ့ဝင် ၂၀၀ နီးပါး PDF တပ်ထံ လာရောက်ပူးပေါင်းပြီး ကျန်တပ်ဖွဲ့ဝင်များ လက်နက်ခဲယမ်းများ ထပ်မံ လာရောက်အပ်နှံရန် ယင်းမာပင်ခရိုင် ပကဖက ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် အသိပေး ထုတ်ပြန်လိုက်သည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းတွင် BNRA အဖွဲ့ ခေါင်းဆောင် နဂါး (ခ) နိုင်လင်း၊ စစ်ရေးတာဝန်ခံ ကိုလတ် နှင့် နဂါး၏ ယောက်ဖဖြစ်သူ ကိုဖြိုး တို့သည် အကြမ်းဖက် စစ်တပ်ထံ သွား ရောက်ပူးပေါင်းပြီးနောက် နဂါးအဖွဲ့ဝင် တချို့ကို လက်နက်များနှင့် ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ထို့ပြင် နဂါးအဖွဲ့ဝင် ၁၅၀ ခန့်သည်လည်း PDF နှင့် ပကဖ များထံ သို့ ချိတ်ဆက်၍ အဖမ်းခံခြင်း၊ လာရောက် ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် လက်နက်အပ်နှံခြင်းများ ပြုလုပ်ခဲ့ကြောင်း NUG ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
“လာရောက်ပူးပေါင်းတဲ့ ရဲဘော်တွေက ၂၀၀ လောက်တော့ရှိမယ်။ နေရာတွေ ခွဲပြီး ပူးပေါင်းကြတာ ဆိုတော့ အတိအကျတော့ မသိရဘူး။ တခြားခရိုင်တွေမှာလည်း ၁၅ ယောက်တစ်ဖွဲ့၊ အယောက် ၂၀ တစ်ဖွဲ့တွေ ကျန်သေးတယ်။ မျက်လုံးအဖွဲ့ကလည်း လွန်ခဲ့တဲ့ နာရီပိုင်းလောက်က ပူးပေါင်းတာပါ။ ယင်းမာပင်ခရိုင်ထဲမှာတော့ကျန်လည်း တစ်ယောက်စ၊ နှစ်ယောက်စလောက်ပဲ ကျန်တော့မှာပါ။ အဲဒီလူတွေကို PDF ၊ ပကဖ ၊ ပအဖတွေ ပေါင်းပြီး ရှာဖွေနေကြပါတယ်” ဟု ယင်းမာပင်ခရိုင် ပကဖမှ ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယင်းမာပင်ခရိုင်အတွင်း နေထိုင်သော BNRA အဖွဲ့ဝင်များအနေဖြင့် နဂါးက ထုတ်ပေးထားသည့် လက်နက်နှင့်အတူ ဆက်စပ်ပစ္စည်းများကို ခရိုင်/မြို့နယ် ပကဖ အဖွဲ့များထံသို့ ချိတ်ဆက်၍ လာရောက်အပ်နှံရန်နှင့် လက်နက်များ၊ ဆက်စပ်ပစ္စည်း များကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ဖျောက်ဖျက်ထားခြင်း၊ ဖျက်စီးခြင်းများမပြုလုပ်ကြရန် စစ်ဆေးမှု ပေါ်ပေါက်၍ သိရှိရသည့်အခါ ပြင်းထန်စွာ အရေးယူခံရမည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင် ပကဖ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အခု ထုတ်ပြန်လိုက်တာက ပြန့်ကျဲနေတဲ့ ရဲဘော်တွေ လက်နက်တွေကို စနစ်တကျ ပြန်လည်စုစည်း ဖို့ပါ။ ယင်းမာပင်ခရိုင်ထဲမှာတော့ သိပ်မကျန်တော့ဘူး။ ဒါပေမယ့်တခြားခရိုင်တွေမှာတော့ရှိအုန်းမယ်” ဟု ယင်းမာပင်ခရိုင် ပကဖမှ ရဲဘော်တစ်ဦးက ပြောဆိုသည်။
ထို့ပြင် သက်ဆိုင်ရာ ရပ်ကျေး၊တိုက်နယ် ပကဖ/ပအဖ များအနေဖြင့် နယ်မြေအတွင်း အခြေချနေထိုင်သော နဂါးအဖွဲ့ဝင်များရှိပါက ခရိုင်/မြို့နယ် ပကဖ တာဝန်ခံများနှင့် ချိတ်ဆက် သတင်းပေးရန် ဆက်လက် နှိုးဆော်ထားကြောင်း၊ BNRA လက်အောက်ခံ အဖွဲ့ဝင်များ၊ ကျေးရွာလုံခြုံရေး အဖွဲ့ဝင်များအနေဖြင့် လက်ဝယ်ကိုင်ဆောင်ထား သော လက်နက်၊ ခဲယမ်းများကို ပြည် သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင်စစ်ဌာနသို့ အမြန်ဆုံး ဆက်သွယ်လာရောက်အပ်နှံရန်နှင့် ကျူးလွန်ထားသောပြစ်မှုမရှိပါက သက်ညှာပြီး ခံဝန်ကတိထိုး၍ ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုထားသည်။





