ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ သိုက်တူကုန်းဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း တပ်ရင်း – ၃၈၀၁ တပ်ခွဲ ၅ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် အစောပိုင်း ၆ နာရီ ၁၅ မိနစ်ခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ သိုက်တူကုန်းဂိတ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ကြို့ပင်ကောက်မြို့နယ်၊ သိုက်တူကုန်း စစ်ခွေးဂိတ်ကို ဒီနေ့ နံနက် အစောပိုင်း ၆ နာရီ ၁၅ မိနစ်မှာ ကျနော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိပေမယ့် အရေအတွက် အတိအကျကိုတော့ အတည်မပြုနိုင်ဘူး။ ရဲဘော်တွေကတော့ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက်မှာ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု တပ်ရင်း – ၃၈၀၁ တပ်ခွဲ ၅ မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ၃၈၀၁ တပ်ခွဲ (၅) နှင့် ၃၈၀၂ တပ်ခွဲ (၆) တို့က ပူပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း ကြို့ပင်ကောက်မြို့နှင့် ၁ မိုင်ခန့်သာကွာ ဝေးသော ရန်ကုန်-ပြည်လမ်း အနီးရှိ ရှမ်းကွင်းကျေးရွာ လမ်းဆုံတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။




