36 C
Yangon

ဖားကန့်မြို့ မရှီကထောင်ဘက်တွင် ယနေ့ ညပိုင်း ပစ်ခတ်သံများ ထွက်ပေါ်နေ၊ ကျွန်းလှမြို့နယ်တွင် ကျေးရွာစာသင်ကျောင်းနှင့် တိုက်နယ်ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင်ဘက်တွင် ယနေ့ ညပိုင်း ပစ်ခတ်သံများ ထွက်ပေါ်နေကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၈ နာရီခန့်တွင် မရှီကထောင်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့ကြောင်း၊ ဖားကန့်မြို့တွင် တိုက်ပွဲများ ငြိမ်သတ်နေသည်မှာ ရက်ပိုင်းမျှသာရှိသေးပြီး လက်ရှိချိန်တွင် ပစ်ခတ်သံများ ပြန်လည် ကြားရခြင်းဖြစ်ကြောင်း သိရသည်။

“ဖားကန့် မရှိကထောင်ဘက်မှာ တိုက်ပွဲဖြစ်နေတယ် ထင်တယ်။ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေတော့ ဆက်တိုက်ကြားနေရတယ်။ ဘယ်သူမှလည်း ထွက်မကြည့်ရဲတော့ နေရာအတိအကျတော့ မသိသေးဘူး” ဟု ဖားကန့်သတင်းရင်းမြစ်က ပြောဆိုသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့မှစတင်ပြီး ဖားကန့်မြို့ မရှီကထောင် ရပ်ကွက်ရှိ ဆုတောင်းကုန်းတွင် ရောက်ရှိ နေသော အကြမ်းဖက် စစ်တပ်၏ ခမရ ၃၈၁ တပ်ရင်းနှင့် KIA/KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲများ ပြန်လည်ငြိမ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း လုံးခင်း ကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာ(ခ) ခွန်ဆာကုန်းရှိ လုံးခင်းနယ်မြေရဲစခန်းကို KIA ပူး ပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းရှိ အဆောက်အဦး အားလုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ ကျေးရွာစာသင်ကျောင်းနှင့် တိုက်နယ်ဆေးရုံတို့ကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Infinity Group အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အ​နောက်ခြမ်းမှာရှိတဲ့ ရွာကုန်းကြီးကျေးရွာ စာသင်ကျောင်း၊ တိုက်နယ်ဆေးရုံနှင့် နောင်ဦးကျေးရွာ​တို့ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ ရွာကုန်းကြီးကျေးရွာရှိ အထက်တန်း​ကျောင်း​ဆောင်နှင့် တိုက်နယ်​ဆေးရုံ အ​ဆောက်အအုံတို့ ထိခိုက် ပျက်စီးခဲ့ကြောင်းသိရှိရသည်။

” ရွာကုန်းကြီးရွာက အထက်တန်း​ကျောင်း​ဆောင်နဲ့ တိုက်နယ်​ဆေးရုံအ​ဆောက်အအုံ ပျက်စီးတာပဲရှိတယ်။ ပြည်သူတွေတော့ ထိခိုက်တာမရှိဘူး။ စစ်ခွေးတွေက တိုက်ပွဲမရှိဘဲ ပထမ ဖိုက်တာက ရွာကုန်းကြီးရွာကို ၂ ကြိမ်၊​ ဒုတိယ ဖိုက်တာက နောင်ဦးရွာကို ၂ ကြိမ် ပစ်သွားတယ်။ နောင်ဦးရွာဘက်​တော့ ကြီးကြီးမားမားပျက်စီးတာ မရှိပါဘူး” ဟု Infinity Group အဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article