36 C
Yangon

အမေရိကန်မှ Walk For Peace ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်၏ အောင်မြင်မှုမှာ ကမ္ဘာ့အနောက်ခြမ်းသို့ ဗုဒ္ဓဘာသာ ထိုးဝင်စီးဆင်းမှုအဖြစ် ကြံ့ဖွတ် ခင်ရီ ကြွေးကြော်ပြန်၊ စတန် ၇ နိုင်ငံတွင် ဗုဒ္ဓ ဘာသာ ကွယ်ပျောက်မှု မညီညွတ်မှုကြောင့်ဟု ဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

အမေရိကန်ပြည်ထောင်စုတွင် အမေရိကန်-ဗီယက်နမ်နိုင်ငံသား ဆရာတော်ဦးပညာကာရ ဦးဆောင်သော Walk For Peace ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်၏ အောင်မြင်မှုမှာ ဗုဒ္ဓသာသနာ ကမ္ဘာ့အနောက်ခြမ်းတွင် အရှိန်အဟုန်ဖြင့် ထိုးဝင်စီးဆင်းနေခြင်းဖြစ်ကြောင်း ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီက ယနေ့ လူမှုကွန်ရက်မှတစ်ဆင့် ကြွေးကြော်ဂုဏ်ယူပြန်သည်။

အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ် ၉ ခုကို ဖြတ်သန်းသွားခဲ့သော မိုင်ပေါင်း ၂၃၀၀ Walk for Peace ခရီးစဉ်မှာ အလွန်အောင်မြင်သော ခရီးစဉ်ဖြစ်ပြီး ချီးကျူးမှုများ ကြားရကြောင်း၊ ပြည်တွင်းတွင် Walk For Peace လမ်းလျှောက်သော ဆရာတော်များကို ပြည်တွင်းမှ ဆရာတော်များနှင့် လွဲမှားစွာ နှိုင်းယှဉ်နေကြောင်း၊ ဗုဒ္ဓဘာသာ ပျောက်ကွယ်မှုမှာ ဘာသာတူများအကြား စည်းလုံးညီညွတ်မှု မရှိခြင်းနှင့် လေးစားမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း ကြံ့ဖွတ်ခင်ရီက ပြောဆိုသည်။

“Walk for Peace ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခြင်းလို့အဓိပ္ပာယ်ရတဲ့ ခေါင်းစဉ်နဲ့ အမေရိကန်-ဗီယက်နမ်နိုင်ငံသား ဦးပညာကာရ ဦးဆောင်တဲ့ သံဃာတော် ၂၄ ပါးပါတဲ့အဖွဲ့က ၂၀၂၅ ခုနှစ် အောက် တိုဘာလ ၂၆ ရက်နေ့ကနေပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ အမေရိကန်နိုင်ငံက ပြည်နယ် ၉ ခုကို ဖြတ်ပြီးတော့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်တဲ့ခရီးစဉ်ကို စခဲ့ကြပါတယ်။ ကျနော်အဓိက ပြောချင်တာက ဒီဆရာတော်ကြီးရဲ့ ဆောင်ရွက်ချက်တွေကို ချီးကျူးထောပနာပြုတာ ဝမ်းသာအားရ ကြားရပါတယ်။ တစ်ချိန်တည်းမှာပဲ ပြည်တွင်းမှာရှိတဲ့ တချို့ တချို့သော ပုဂ္ဂိုလ်တွေက ဆရာတော်ကြီးတွေနဲ့ ပြည်တွင်းမှာရှိတဲ့ ဆရာတော်ကြီးတွေကို လွဲမှားစွာ နှိုင်းယှဉ်သုံးသပ် မလိုတမာ ပြောကြားတွေ ကြားရတာ ကျနော် အလွန်ပဲ ဝမ်းနည်းမိပါတယ်။ ကျနော်စဉ်းစားမိတာက ဘာသာတစ်ခု ပြိုကျပျက်စီးခြင်းဆိုတာ ဘာသာတူတဲ့ သူတွေကြားထဲမှာ မညီညွတ်တာကနေ စတယ်လို့ အဲဒီဟာက အချက်တစ်ချက်အနေနဲ့ပါတယ်။ သမိုင်းမှာလည်း သက်သေရှိပြီးသားဖြစ်ပါတယ်” ဟု ခင်ရီက ဆိုသည်။

Walk For Peace ဦးဆောင် ဆရာတော် ဦးပညာကာရက ငြိမ်းချမ်းရေး လမ်းလျှောက် ခရီးစဉ်မှာ ဘာသာရေးခရီးစဉ်နှင့် သာသနာပြုခရီးစဉ်မဟုတ်ဘဲ ငြိမ်းချမ်းရေး၊ ချစ်ခြင်းတရားနှင့် ကြင်နာမှုများကို မျှဝေသည့်ခရီးစဉ်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသော်လည်း ကြံ့ဖွတ်ခင်ရီက ဗုဒ္ဓဘာသာက အနောက်ကမ္ဘာသို့ ထိုးဖောက် စီးဆင်းမှုဖြစ်ကြောင်း ပြောဆိုသည်။

“ကျနော်ကတော့ ဒီခရီးစဉ်ကိုကြည့်ပြီးတော့ ကျနော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာ ရေစီးကြောင်းကြီးတစ်ခု ကမ္ဘာ့အနောက်ခြမ်းမှာ အရှိန်အဟုန်နဲ့ ထိုးဝင် စီးဆင်းသွားတယ်လို့ ကျနော်ဒီလို ခံစားမိပါတယ်။ ကျနော်ပြောတဲ့ အချက်အလက်တွေကို ကြည့်ပြီးတော့ ကျနော်တို့ တွေ အားလုံး ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီးကို လက်ဆင့်ကမ်းထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်”ဟု ကြံ့ဖွတ်ခင်ရီက ပြောဆိုသည်။

ယခင်က မြတ်စွာဘုရားရှင်လက်နက် ယောနတိုင်းနှင့်ဂန္ဓာရတိုင်းတွင် ပါဝင်သော စတန် ၇ နိုင်ငံမှာ ဗုဒ္ဓ ဘာသာထွန်းကားခဲ့သော်လည်း မညီညွတ်မှုနှင့် မလေးစားမှုများကြောင့် အေဒီ ၁၁ ရာစုတွင် ဗုဒ္ဓဘာ သာ ပျောက်ကွယ်သွားကြောင်း၊ ယနေ့ကမ္ဘာတွင်လည်း ဗုဒ္ဓဘာသာ ၅ နိုင်ငံရှိသော်လည်း တချို့နိုင်ငံများမှာ မဟာယန ဖြစ်ကြောင်း ကြံ့ဖွတ်ခင်ရီက ပြောဆိုသည်။

“စတန် ၇ နိုင်ငံက ဘုရှားရှင်လက်ထက်က ယောနတိုင်းနဲ့ ဂန္ဓာရတိုင်းတိုင်းထဲမှာ ပါတဲ့ ဗုဒ္ဓဘာသာဝင်နိုင်ငံတွေ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေမှာ AD 11 ရာစုလောက်ကတည်းက ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့တဲ့ သာဓက ရှိခဲ့ဖူးပါတယ်။ ဒါတွေက ဘာသာဝင်တူတွေကြားမှာ မညီညွတ်မှု၊ လေးစားတန်ဖိုးထားမှု မရှိမှု စတဲ့ အတွေးအခေါ်တွေ စိမ့်ဝင်လာပြီးတော့ အယုံအကြည် ကင်းမဲ့လာမှုကြောင့် ဖြစ်တယ်ဆိုတာ သမိုင်းမှာ ရှိခဲ့ဖူးပါတယ်။ ယနေ့ကမ္ဘာမှာ ထေရဝါဒ ဗုဒ္ဓဘာသာစစ်စစ်က ၅ နိုင်ငံလောက်ပဲရှိတော့တယ်။ ဒါတောင်မှ တချို့နိုင်ငံတွေက မဟာယနဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ဘာသာတရားအတွက် ညီညွတ်ခြင်းဆိုတာက အရေးကြီးပါတယ်” ဟု ကြံ့ဖွတ်ခင်ရီက ဆိုသည်။

ကြံ့ဖွတ်ခင်ရီက ပြောဆိုသော ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားသည့် စတန် ၇ နိုင်ငံမှာ Afghanistan- အာဖဂနစ္စတန် ၊Kazakhstan – ကာဇစ္စတန်၊ Kyrgyzstan- ကာဂျစ္စတန်၊ Pakistan- ပါကစ္စတန်၊ Tajikistan- တာဂျစ္စတန်၊ Turkmenistan- တာ့ခ်မင်နစ္စတန်၊ Uzbekistan-ဥဇဘက္ကစ္စတန်တို့ဖြစ်ပြီး ယခုအခါ အစ္စလမ်ဘာသာ အဓိက ကိုးကွယ်သောနိုင်ငံများဖြစ်သည်။

ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီမှာ ပြည်တွင်းရှိ အစွန်းရောက် မဘသများ၊ အမျိုးသားရေး အစွန်းရောက်များကို အဓိက ထောက်ပံ့ကူညီနေသော ဒေါက်တိုင်ဖြစ်ပြီး နိုင်ငံရေးနှင့်ဘာသာရေးကို ရောထွေးကာ စစ်တပ်အာဏာ တည်မြဲရေးနှင့်ကြံ့ဖွတ်ပါတီ အာဏာရရှိရေး NLD အစိုးရလက်ထက်တစ်ခုလုံး အဖျက်အမှောက် လုပ်ငန်းများဖြင့် ဦးဆောင်ကြိုးစားခဲ့သူဖြစ်ကြောင်း ပြည်တွင်းမဘသများနှင့် မဘသအရေး လေ့လာစောင့်ကြည့်နေသော အစီရင်ခံစာများက စုံစမ်းဖော်ထုတ်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article