36 C
Yangon

မြန်မာနိုင်ငံတွင် ခရစ်ယာန် ဘာသာဝင်များ အပါအဝင် အရပ်သားများကို လေကြောင်းဖြင့် စစ်တပ်က ဗုံးကျဲတိုက်ခိုက်နေမှုအပေါ် ကမ္ဘာ့အသင်းတော်များကောင်စီ (WCC)က ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

မြန်မာနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်များ နေထိုင်ရာ ကျေးရွာတစ်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့မှုအပေါ် ကမ္ဘာ့အသင်းတော်များကောင်စီ (World Council of Churches – WCC) ကပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်ပြီး မြန်မာပြည်သူများနှင့်အတူ တစ်သားတည်းရှိကြောင်း ထုတ်ပြန် ကြေညာသည်။

ယခု ဖေဖော်ဝါရီလအစောပိုင်းတွင် မြန်မာနိုင်ငံအနောက်ပိုင်းရှိ ခရစ်ယာန်ဘာသာဝင်များ အများစုနေထိုင်ရာ ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ လွန်ခဲ့သော ၁၅ လအတွင်း စစ်တပ်က အရပ်သားများနေထိုင်ရာ နေရာပေါင်း ၁,၀၀၀ ကျော်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် အာဏာ သိမ်းပြီးနောက် စစ်တပ်၏ လက်ချက်ကြောင့် သေဆုံးရသူ အရပ်သားပေါင်း ၇,၈၀၇ ဦး ထိ ရှိလာပြီဖြစ်ကြောင်း WCC က ပြောဆိုသည်။

WCC ၏ အထွေထွေအတွင်းရေးမှူးချုပ် Rev. Prof. Dr. Jerry Pillay က ယခုကဲ့သို့ ဆက်တိုက်စစ်တပ်၏ တိုက်ခိုက်နေမှုများသည် အပြည်ပြည်ဆိုင်ရာဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ပြီး လူသားဂုဏ်သိက္ခာနှင့် အသက်ရှင်သန်ခွင့်ကိုပါ ဖျက်ဆီးနေခြင်းဖြစ်သည် ဟု ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က နိုင်ငံ၏ ၂၀ ရာခိုင်နှုန်းခန့်ကိုသာ ထိန်းချုပ်ထားနိုင်သော်လည်း တိုင်းရင်းသားလူနည်းစုများနှင့် ဘာသာရေးလူနည်းစုများကို ပစ်မှတ်ထား၍ အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF) ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ ၃ ဒသမ ၅ သန်းကျော် ရှိနေပြီး ချင်းပြည်နယ်တွင် ၉၀,၀၀၀ ကျော်၊ ကချင်ပြည်နယ်တွင် ၂၃၇,၂၀၀ ကျော်နှင့် ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော် ပါဝင်နေသည်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ၁၈ လအတွင်း ရိုဟင်ဂျာ ၁၅၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထပ်မံထွက်ပြေးခဲ့ရကြောင်း၊ ဤပမာဏသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း အများဆုံးဝင်ရောက်မှုဖြစ်ပြီး မြန်မာနိုင်ငံအတွင်း လူနည်းစုများအတွက် အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း ပြသနေသည်ဟု သိရှိရသည်။

မြန်မာစစ်တပ်က ခရစ်ယာန်ဘာသာဝင် ချင်းလူမျိုးများနှင့် မွတ်စလင်ဘာသာဝင် ရိုဟင်ဂျာများကဲ့သို့သော လူနည်းစုများအပေါ် စနစ်တကျ အကြမ်းဖက်ဖိနှိပ်မှုများ လုပ်ဆောင်နေခြင်းအပေါ် နိုင်ငံတကာမိသားစုစုအနေဖြင့် ပိုမိုအာရုံစိုက်လာရန် USCIRF က တိုက်တွန်းထားသည်။

ဓာတ်ပုံ- ချင်းပြည်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော မိသားစုဝင် ၃ ဦး။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article