ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ စီမံခန့်ခွဲမှုကော်မတီဝင်ဖြစ်သူ ဗိုလ်မှူးမြတ်သူရွှေက ၎င်း၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ လောင်းကစားဝိုင်းများ၊ မူးယစ်ဆေးဝါးလုပ်ငန်းများထံမှ ဆက်ကြေးကောက်ခြင်း၊ ကျူးကျော်မြေကွက်များကို အကွက်ရိုက်ရောင်းစားခြင်းများ ပြုလုပ်ကာ ကိုယ်ကျိုးရှာနေကြောင်း မြို့နယ်သတင်းရင်းမြစ်၏ ပြောကြားချက်အရ သိရှိရသည်။
အဆိုပါ ဗိုလ်မှူး မြတ်သူရွှေမှာ မှော်ဘီလေကြောင်းရန်တပ်မှဖြစ်ပြီး လက်ရှိတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး စီမံခန့်ခွဲမှုကော်မတီ၌ တာဝန်ယူနေသူဖြစ်ကြောင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၅၈ ရပ်ကွက်အတွင်းရှိ ကြက်ဝိုင်းလောင်းကစားဒိုင်များ၊ ချဲ၊ နှစ်လုံးနှင့် ဘောလုံးဒိုင်များထံမှ လစဉ်ကြေးများ အတင်းအဓမ္မကောက်ခံနေသည့်အပြင် ၎င်းကိုယ်တိုင်လည်း စစ်တပ်ယူနီဖောင်းဝတ်ဆင်ကာ သိန်းရာချီလောင်းကြေးရှိသော ကြက်ဝိုင်းများအတွင်း ဝင်ရောက်ကစားနေကြောင်း ရပ်ကွက်သားတစ်ဦးက အတည်ပြုပြောကြားသည်။
“ဒီဗိုလ်မှူးက ရာထူးကို အခွင့်ကောင်းယူပြီး မကောင်းမှုမှန်သမျှ အကုန်လုပ်နေတာ။ မူးယစ်ဆေးဝါးရောင်းတဲ့သူတွေနဲ့ တရားမဝင် စက်သုံးဆီမှောင်ခိုသမားတွေဆီကလည်း လစဉ်ကြေးတောင်းတယ်။ နယ်မြေခံလူမိုက်တွေနဲ့လည်း ပေါင်းထားတော့ ပြည်သူတွေက ကြောက်ပြီး ဘယ်သူမှ မတိုင်ရဲကြဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဖွင့်ဟခဲ့သည်။
၎င်းပြင် ဗိုလ်မှူးမြတ်သူရွှေသည် အမှတ် ၈၉ ရပ်ကွက်အတွင်းရှိ ကျူးကျော်မြေကွက်များကို ကိုယ်တိုင် အကွက်ရိုက်ရောင်းစားခြင်း၊ စစ်မှုထမ်းရန် အမည်စာရင်းပါဝင်သူများထံမှ မလိုက်လိုပါက ငွေကြေးပေးရမည်ဟု ခြိမ်းခြောက်ငွေတောင်းခြင်းများလည်း ပြုလုပ်နေကြောင်း သိရသည်။
လူမှုရေးကိစ္စပိုင်းတွင်လည်း ဗိုလ်မှူးမြတ်သူရွှေသည် တရားဝင်ဇနီးရှိနေသည့်ကြားမှ အမှတ် ၈၈ ရပ် ကွက်နှင့် အုပ်ချုပ်ရေးမှူးရုံးတို့တွင် မယားငယ်တစ်ဦးစီ ထားရှိကာ တရားမဝင်လုပ်ငန်းများမှရရှိသော လာဘ်ငွေများဖြင့် ထောက်ပံ့ပေးနေကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ ၎င်း၏ ဇနီးရင်းဖြစ်သူက စစ်တပ်တွင်း တိုင်ကြားမှု ပြုလုပ်ထားကြောင်း သိရှိရသည်။







