36 C
Yangon

ဖားကန့်၊ ယူမာရွာ ဥရုချောင်းဘေးတွင် စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်ထား၊ လုံးခင်းတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်သော ကလေး ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ယူမာရွာ ဥရုချောင်းဘေးတွင် အကြမ်းဖက် စစ်တပ်က ပစ်သတ်ထားသော ပြည်သူ ၁ ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ဖားကန့်မြို့နှင့် ဆိပ်မူ‌ကျေးရွာအကြားရှိ ယူမာကျေးရွာ ဥရုချောင်းဘေးတွင် အကြမ်းဖက် စစ်တပ်က ပစ်သတ်ထားသော အသက် ၃၀ အရွယ် အမျိုးသား ၁ ဦး၏ ရုပ်အလောင်းကို ပြည်သူများများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ အမည်နှင့် နေရပ် လိပ်စားကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက် စစ်တပ်က လက်ပြန်ကြိုးတုပ်၍ ပစ်သတ်ထားခြင်းဖြစ်နိုင်ကြောင်း၊ သေဆုံးသူ၏ လက်ကောက်ဝတ်နှစ်ဖက်တွင် သွေးစို့နေသည်ကို တွေ့မြင်ရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“အလောင်းတွေ့တဲ့နားမှာက ယူမာခြံမှာလည်း စစ်ခွေးတွေရှိပါတယ်။ နောက်ပြီး စစ်ခွေးတွေက သူတို့ ဖမ်းဆီးသတ်ဖြတ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို ပုံဖျက်ချင်လို့ အလောင်းကို လူမြင်ကွင်းထဲ လာပစ်တာလည်း ဖြစ်နိုင်ပါတယ်” ဟု ဖားကန့်ဒေသ သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းကလည်း လုံးခင်းရွာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်က ပြည့်စုံကောင်း ထမင်းဆိုင် နောက်ကျောဝင်းအတွင်း တရုတ်စာသင်ကျောင်း ကလေးအဆောင်ပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး ထမင်းစားနေသည့် ကလေးငယ် ၅ ဦးနှင့် လူကြီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုထိခိုက် ဒဏ်ရာရရှိသူများထဲမှ ၁၅ နှစ်အရွယ် ကလေး ၁ ဦးကို ဒဏ်ရာပြင်းထန်သောကြောင့် ဆေးကုသမှု ခံယူနေစဉ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း သိရသည်။

” ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညနေပိုင်းက လုံးခင်းကျေးရွာထဲကို စစ်ခွေး ပစ်တဲ့ လက်နက်ကြီးကျတဲ့ ဖြစ်စဉ်မှာ ဒဏ်ရာရတဲ့ သူတွေထဲက အသက် ၁၅ နှစ်အရွယ် ကလေး ၁ ဦး မနေ့က နံနက်ပိုင်းမှာ ဆေးကုသနေရင်းနဲ့ ကွယ်လွန်သွားတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဖားကန့်မြို့နယ်တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ လုံးခင်း ကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာ(ခ) ခွန်ဆာကုန်းရှိ လုံးခင်းနယ်မြေ ရဲစခန်းတွင် KIA ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူများနေထိုင်သည့် ကျေးရွာ၊ ရပ်ကွက်များကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article