28 C
Yangon

ထိန်းချုပ်စိုးမိုးနယ်မြေများကို အာမခံချက်ပြည့်၀သည့် လွတ်မြောက်နယ်မြေများအဖြစ် ဆက်လက် ဖော်ဆောင်ရန် NUG ယာယီသမ္မတတိုက်တွန်း

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

တော်လှန်ရေးတပ်များက ထိန်းချုပ်စိုးမိုးထားသော နယ်မြေများကို အာမခံချက်ပြည့်၀သည့် လွတ် မြောက်နယ်မြေများအဖြစ် ဆက်လက် ဖော်ဆောင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတဒူဝါလရှီးလက တိုက်တွန်းပြောဆိုလိုက်သည်။

ယနေ့ ကျရောက်သည့် ၇၈ ကြိမ်မြောက်၊ ချင်းအမျိုးသားနေ့ အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလ အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ချင်းပြည်တွင် ချင်းတော်လှန်ရေးတပ်များက ရာနှုန်းပြည့်ထိန်းချုပ်ထားသော စိုးမိုးနယ်မြေများရှိနေပြီဖြစ်ကြောင်း၊ အဆိုပါနယ်မြေများကို လွတ်မြောက်နယ်မြေများအဖြစ် ဆက်လက်ဖော်ဆောင်ကြရန် လိုအပ်ကြောင်း NUG ယာယီသမ္မတက ပြောဆိုသည်။

“ဒီနေ့ အချိန်မှာ၊ ချင်းပြည်ဟာ ရာနှုန်းပြည့်နီးပါး ထိန်းချုပ်စိုးမိုးနယ်မြေတွေအဖြစ် တည်ရှိနေပြီ ဖြစ်ပါတယ်။ ထိန်းချုပ်စိုးမိုးနယ်မြေတွေကို၊ အာမခံချက် ပြည့်ဝတဲ့ လွတ်မြောက်နယ်မြေတွေအဖြစ် ဆက်လက် ဖော်ဆောင်ကြဖို့ အထူး တိုက်တွန်းလိုပါတယ်” ဟု NUG ယာယီသမ္မတက ပြောဆိုသည်။

ချင်းပြည်တစ်ပြည်လုံးတွင် ချင်းအမျိုးသားလွတ်မြောက်ရေးကို ဆုံးခန်းတိုင်အောင် ဖော်ဆောင်နိုင်ရန် အထူးလိုအပ်ကြောင်း၊ အရေးအကြီးဆုံးမှာ “ညီညွတ်ရေး” ဖြစ်ပြီး ပထဝီဒေသ အကန့်အသတ်များ၊ မျိုးနွယ်စုအလိုက် အုပ်စုဓလေ့ ထွန်းကားသည့် ချင်းပြည်ရဲ့လက္ခဏာကို်အားလုံး နားလည်ရန် လိုအပ်ကြောင်း၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတွင် ချင်းလူမျိုးများ၏ ပါဝင်ဦးဆောင်မှုက အထူး အရေးပါကြောင်း ၎င်းက ဆကလက်ပြောဆိုသည်။

” အာမခံချက်ပြည့်ဝတဲ့ ချင်းပြည်လွတ်မြောက် ရေးကို စစ်ရေးအရ၊ နိုင်ငံရေးအရ တစ်ပြိုင်နက်တည်း ဖော်ဆောင်နိုင်ဖို့ လိုပါတယ်။ အဲသည့်အတွက် အရေးအကြီးဆုံးက အမျိုးသားရေးစုစည်းညီညွတ်မှုဖြစ်ပါတယ်။ ချင်းလူမျိုးတွေ အချင်းချင်း တိုင်တိုင် ပင်ပင် ညှိညှိနှိုင်းနှိုင်းလုပ်နိုင်မှ၊ ချင်းပြည်တည်ဆောက်ရေးက အောင်မြင်မှာ ဖြစ်ပါတယ်။ ချင်းတွေ အချင်းချင်း “အင်အားတွေကို စုစည်းထားမှ” ချင်းပြည်လွတ်မြောက်ရေးအတွက် အာမခံချက်ရှိမှာ ဖြစ်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုသည်။

စစ်အာဏာရှင်များက ချင်းအမျိုးသားနေ့ကိုပင် ချင်းပြည်နယ်နေ့အဖြစ်သာ ကျင်းပခွင့်ပြုကြောင်း၊ စစ်တပ်က ချင်းအမျိုးသားရေးလက္ခဏာများကို ပုံဖျက်ရန် ကြိုးစားနေပြီး ဖက်ဒရယ် အခွင့်အရေးကိုလည်း စစ်တပ်က လျစ်လျူရှုခဲ့ကြောင်း၊ ချင်းတစ်မျိုးသားလုံးက စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်နေမှုကို အလေးအမြတ်ပြုရမည်ဖြစ်ကြောင်း သမ္မတက ဆက်လက်ပြောဆိုသည်။

“စစ်အာဏာရှင်တွေဟာ လူမျိုးစုဒေသတွေကို၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးဖို့ တွန့်ဆုတ်ခဲ့ပါတယ်။ ဒါ့အပြင် ဖက်ဒရယ်အခွင့်အရေးတွေ ပေးဖို့လည်း လျစ်လျှူရှုခဲ့ပါတယ်။ ချင်းအမျိုးသားနေ့အဖြစ် ပုံဖော်ကျင်းပခွင့်မပေးတဲ့ စစ်အာဏာရှင်တွေအနေနဲ့၊ ချင်းလူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ကို ဘယ်လိုနည်းနဲ့မှ ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ အားလုံး နားလည်ဖို့ လိုပါတယ်။ ဒါ့ကြောင့် ချင်းလူငယ်မျိုးဆက်သစ်တွေနဲ့ ချင်းနိုင်ငံရေးခေါင်းဆောင်တွေအားလုံးက၊ ၂၀၂၁ နွေဦးတော် လှန်ရေးမှာ ရွပ်ရွပ်ချွံချွံ ပါဝင်ဦးဆောင်ပြီး၊ ချင်းအမျိုးသားလွတ်မြောက်ရေးကို ဖော်ဆောင် နေကြတာထင်ရှားပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းအောင် တော်လှန်ပြီး၊ ချင်းအမျိုးသားခေါင်း ဆောင်အဆက်ဆက် လိုလားတောင့်တခဲ့ကြတဲ့ စစ်မှန်တဲ့ လွတ်လပ်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ရယူနိုင်ဖို့ /ချင်းပြည်သူလူထုရဲ့ ဆန္ဒနဲ့ /ထပ်တူပြုကြောင်း ပြောကြားလိုပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ဖော်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article