ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
ချင်းပြည်နယ်၊ ဟားခါးမြို့ လျှပ်စစ်ရုံးမှ ဒရုန်း ၁ စီး ပျံသန်းလာသည်ဟုဆိုကာ လျှပ်စစ်ရုံးကို စစ်တပ်က ဝင်ရောက်စီးနင်းပစ်ခတ်သဖြင့် လျှပ်စစ်ဝန်ထမ်း ၁ ဦးသေဆုံးပြီး ၂ ဦးကို ဖမ်းဆီးသွားကြောင်း ဟားခါးဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်း ဟားခါးမြို့ပေါ်သို့ ဒရုန်း ၁ စီး ပျံသန်းခဲ့ပြီး အဆိုပါ ဒရုန်းမှာ ဟားခါးမြို့နယ် လျှပ်စစ်ရုံးမှ စတင်တက်လာသည်ဟုဆိုကာ စစ်တပ်က လျှပ်စစ်ရုံးကို ဝင်ရောက်စီးနင်းကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် လျှပ်စစ်ဝန်ထမ်း ၁ ဦးမှာ ဦးခေါင်းသို့ သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားကြောင်း၊ လျှပ်စစ်ရုံးမှာ တာဝန်ကျနေသည့် ဝန်ထမ်း ၂ ဦးကိုလည်း စစ်တပ်က ရိုက်နှက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။
“စစ်တပ်က လျှပ်စစ်ရုံးမှာ တာဝန်ကျနေတဲ့သူတွေကို ပစ်ပြီး ဝင်ဖမ်းတာ။။ ဒီနေ့ ဟားခါးမြို့ပေါ်မှာ ဒရုန်းဝဲတာက လျှပ်စစ်ရုံးက တက်လာတဲ့ဒရုန်းဆိုပြီးတော့ အကြောင်းပြပြီး လာပစ်တာလို့ သိရတယ်။ သေဆုံးသွားတဲ့ လျှပ်စစ်ဝန်ထမ်းက ဖလမ်းမြို့သားပါ၊ သူ့သူငယ်ချင်း လျှပ်စစ်ဝန်ထမ်း ၂ ယောက်ကိုလည်း စစ်တပ်က ဖမ်းခေါ်သွားတယ်” ဟု ဟားခါးဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် သေဆုံးသူ လျှပ်စစ်ဝန်ထမ်း ရုပ်အလောင်းမှာ ဟားခါးမြို့နယ် လျှပ်စစ်ရုံးရှေ့လမ်းပေါ်၌ပင် ရှိနေသေးပြီး ဟားခါးမြို့တွင်း ၌လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သံများ ဆက်လက်ကြားနေရကြောင်း သိရသည်။
စစ်ကောင်စီဘက်မှ ဒရုန်းပျံသန်းမှုကို အကြောင်းပြ၍ ယခုကဲ့သို့ လျှပ်စစ်ဝန်ထမ်းများအပေါ် ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။




