30 C
Yangon

ဧရာ၀တီမြစ်ဆုံဆည်ကို ငလျင်ပြင်းအား ၈ မဂ္ဂနီကျူဒဏ်ခံနိုင်သည့် ဒီဇိုင်းဖြင့် တည်ဆောက်ပြီး စီမံကိန်းကာလ ၅ နှစ်မှ ၁၀ နှစ်ခန့်အထိ ကြာမြင့်မည်ဟု အကြမ်းဖက်စစ်တပ်က လိုက်လံစည်းရုံးနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ဧရာ၀တီမြစ်ဆုံဆည်ကို ငလျင်ပြင်းအား ၈ မဂ္ဂနီကျူဒဏ်ခံနိုင်သည့် ဒီဇိုင်းဖြင့် တည်ဆောက်ပြီး စီမံကိန်းကာလ ၅ နှစ်မှ ၁၀ နှစ်ခန့်အထိ ကြာမြင့်မည်ဟု အကြမ်းဖက်စစ်တပ်က လိုက်လံစည်းရုံးနေသည်။

ယမန်နေ့ မြစ်ကြီးနားမြို့သို့ အကြမ်းဖက်စစ်တပ်၏ ဝန်ကြီးများဖြစ်သော တင်အောင်စန်း၊ မောင်မောင်အုန်း၊ မင်းအောင်၊ ဉာဏ်ထွန်းတို့ လာရောက်ပြီး မြစ်ကြီးနားမြို့မှ ဌာနဆိုင်ရာများ၊ ပြည်သူတချို့နှင့်တွေ့ဆုံကာ မြစ်ဆုံစီမံကိန်း တည်ဆောက်ရေးအတွက် လိုက်လံစည်းရုံးနေခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်၏ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဝန် ကြီး တင်အောင်စန်းက နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားသည် အဓိကကျသည့်အတွက် မည်သို့ဖြည့်ဆည်းဆောင်ရွက်ရမည်ကို ကြံဆစဉ်းစားရန်လိုအပ်လာပါကြောင်း၊ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် နှစ်စဉ်တိုးတက်နေသည်ဖြစ်သည့်အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတိုးတက်ရေး အစီအစဉ်များကို ကြိုတင်စီမံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်းများ ဖော်ဆောင်ရေးကာလမှာ ၅ နှစ် မှ ၁၀ နှစ်ခန့်အထိ ကြာမြင့်မည် ဖြစ်သည့်အတွက် ကြိုတင်စီမံဆောင်ရွက်နိုင်မှသာ အနာဂတ်နိုင်ငံတော်နှင့် နောင်လာမည့် မျိုးဆက်သစ်များအတွက် စွမ်းအင်ဖူလုံနိုင်မည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကုန်ကြမ်းမှ ကုန်ချောအထိ ထုတ်လုပ်နိုင်ရန် လျှပ်စစ်မီးသည် အဓိကလိုအပ်ချက်ဖြစ်ပါကြောင်း ပြောဆိုသည်။

စစ်တပ်လက်အောက်ခံ ဝန်ကြီး ဉာဏ်ထွန်းဆိုသူကလည်း တည်ဆောက် မည့်မြစ်ဆုံဆည်ကို ၈ မဂ္ဂနီကျုဒဏ် ခံနိုင်သည့်ဒီဇိုင်းများအဖြစ် တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်မှုနှင့် ရည်မှန်းချက်ထား ဆောင်ရွက်မှု၊ ၂၀၃၀ ပြည့်နှစ်အထိ ဖြစ်ပေါ်လာမည့် စက်တပ်ဆင်အင်အား၊ ထုတ်လုပ်နိုင်မည့် ဓာတ်အားနှင့် ထုတ်လုပ်ပေးရမည့် နှစ်စဉ်လျှပ်စစ်ဓာတ်အား လိုအပ်ချက်တို့ကို ဖြည့်ဆည်းနိုင်ရန်အတွက် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံပြည်သူများက ပြန်လည်လက်ခံပြီး ဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်ပါက လျှပ်စစ်မီးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကမူ ကချင်ပြည်နယ်တွင် တရုတ်နှင့်စစ်တပ်က ပူးပေါင်းလုပ်ဆောင်မည့် ရေအားလျှပ်စစ်စီမံကိန်း ဧရိယာဒေသဖြစ်သော မြစ်ဆုံဒေသကို ကြားကာလ အမွေအနှစ်အဖြစ် ကြေညာပြီး မည်သည့်စီမံကိန်းမှ မလုပ်ရန် တားမြစ်မိန့်ကိုလည်း ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာ ဘူမိသိပ္ပံပညာရှင်များကလည်း ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် စစ်ကိုင်းပြတ်ရွေ့နှင့် အလွန်နီးကပ် သော ဧရာ ၀တီ မြစ်ဆုံစီမံကိန်းတွင် တည်ဆောက်မည့် ဆည်များ ပျက်စီးခဲ့လျှင် ကချင်ပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်ကျရောက်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ဧရာ၀တီမြစ်ဆုံ ခေါ် မြစ်ဆုံ ရေကာတာ ပြန်လည် စတင်ရန် ကြိုးပမ်းမှုအပေါ် မြန်မာ ဘူမိသိပ္ပံပညာရှင်များအနေဖြင့် ပညာရပ်ဆိုင်ရာ အခြေခံသော အချက် အလက်များအရ မြစ်ဆုံဆည် ဆောက်လုပ်ရန် လုံး၀ မသင့်တော်သည်ကို အကြံ ပြုလိုကြောင်း၊ မြစ်ဆုံဒေသသည် ငလျင်ဇုန်တိုင်းတာမှုဇယားအရ အန္တရာယ်ကြီးမားသည့် ပြင်းထန်ငလျင်ဇုန်တွင်ရှိနေကြောင်း၊ ဘူမိဗေဒဆိုင်ရာ အနေအထားအရ မကြာသေးသော ကာလ ၂၀၂၅ ခုနှစ် မတ်လတွင် လှုပ်ရှားခဲ့သည့် အင်အားပြင်း ငလျင်ကို ဖြစ်ပေါ်စေသည့် စစ်ကိုင်းပြတ်ရွေ့ကြီးနှင့် အ လွန် နီးကပ်နေကြောင်း၊ မြစ်ဆုံကဲ့သို့သော နေရာတွင် ကြီးမားသော ဆည်နှင့်ရေကာတာများ တည်ဆောက်ပါက ရေကာတာကြီးကြောင့် ဖိအားပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး အင်အားကြီး ငလျင်များ ဖြစ်ပေါ်လာနိုင်ကြောင်း ထောက်ပြထားသည်။

ယင်းအပြင် သိရှိပြီးသော ဘူမိဗေဒဆိုင်ရာ အချက်အလက်များအရ အဆိုပါ မြစ်ဆုံဒေသ၏ မေခနှင့် မလိခမြစ်ဝှမ်းတစ်လျှောက် တန်ဖိုးကြီးပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်မည့် ရွှေနှင့်မြေရှားသတ္တုသိုက်ကြီးများ အပါအဝင် အဖိုးတန်သယံဇာတများ တွေ့ရှိနိုင်မည့် ဒေသဖြစ်ကြောင်း၊ မြစ်ဆုံဒေသတွင် မိုး သည်း ထန်ခြင်း၊ မတ်စောက်သော တောင်တန်းများ ရှိခြင်းနှင့် မတည်ငြိမ်သော ဘူမိ ဗေဒအနေအထားများကြောင့် မြေပြိုမှုများဖြစ်ပေါ်လာနိုင် ကြောင်း မြန်မာဘူမိသိပ္ပံပညာရှင်များက ဆက်လက် ထောက်ပြထားသည်။

ဧရာ၀တီမြစ်တစ်လျှောက် ရေစီးနှုန်းကို ထိန်းချုပ်ခြင်းသည် သဘာ၀အတိုင်းဖြစ်ပေါ်နေသည့် အနည်ပို့ချမှုစနစ်ကို ပြောင်းလဲစေကာ နှုံးတင်မြေနုအပေါ် မှီခိုနေရသည့် မြစ်ဝှမ်းတလျှောက် ကိုင်းကျွန်းလုပ်ငန်းများနှင့် ဧရာ၀တီမြစ်၀ကျွန်းပေါ်၏ စိုက်ပျိုးရေးကို ထိခိုက်နိုင်ကြောင်း သိရှိရသည်။

အရေးကြီးသော သတိပြုရမည့် အချက်အနေဖြင့် နိုင်ငံတော်လုံခြုံရေးအရ မြစ်ဆုံဒေသတွင် ဆည် ၇ ခု ဆောက်လုပ်ပြီး အခြေအနေအကြောင်းကြောင်းကြောင့် တစ်ပြိုင် နက် ပျက်စီးမည်ဆိုပါက မြစ်ဆုံဒေသအပြင် ကချင်ပြည်နယ်နှင့် မြန်မာပြည်တစ်ပြည်လုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်များ ကျရောက်နိုင်ကြောင်း ထပ်မံ သတိပေးထားသည်။

မြစ်ဆုံကဲ့သို့​ ကြီးမားသော ဆည်ကြီးများ ဆောက်လုပ်လျှင် အထက်ဖော်ပြပါ ဘူမိဗေဒ အချက်အလက်များ၊ နည်းပညာဆိုင်ရာ အချက်အလက်များအရ ဖွံ့ဖြိုး ပြီး နိုင်ငံများ အပါ အဝင် မမျှော်လင့်သော ရေကာတာ ကျိုးပေါက်ပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ဆက်လက် သတိပေးထားသည်။

ဥပမာအားဖြင့် တရုတ်နိုင်ငံတွင် ၁၉၅၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ဆည်နှင့်ရေ ကာတာပေါင်း ၃၆၀၀ ကျိုးကျပျကစီးခဲ့ပြီး ထိုအထဲတွင် ဘန်ချောင် (Banqiao) ဆည်ကျိုးကျမှုကြောင့် လူပေါင်း ၂ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ကြောင်း ဥပမာပေး ထောက်ပြထားသည်။

၁၉၇၅ ခုနှစ် တရုတ်နိုင်ငံ၊ ဟီနန်ပြည်နယ် (Henan Province)တွင် ဘန်ချောင် (Banqiao) ဆည်ပြိုကျမှုသည် လူသားသမိုင်းတွင် အသေအပျောက် အများဆုံးနှင့် အဆိုးရွားဆုံး ဆည်ပြိုကျမှုကြီးဖြစ်ခဲ့သည်။

၁၉၇၅ ခုနှစ် ဩဂုတ်လအတွင်း တိုင်ဖွန်းမုန်တိုင်း နီနာက တရုတ်နိုင်ငံ ဟီနန်ပြည်နယ်အပေါ်တွင် ရပ်တန့်သွားပြီး မကြုံစဖူး ပြင်းထန်သည့် မိုးရွာသွန်းမှုကို ဖြစ်စေခဲ့ကြောင်း၊ ၂၄ နာရီအတွင်း ၁၀၆ စင်တီမီတာ (တစ်နှစ်စာ မိုးရေချိန်နီးပါး) ရွာသွန်းခဲ့ကြောင်း၊ ဘန်ချောင်ဆည်ကို “နှစ်ပေါင်း ၁၀၀၀ တွင် တစ်ကြိမ်” ဖြစ်နိုင်သည့် ရေကြီးမှုကို ခံနိုင်ရည်ရှိအောင် တည် ဆောက်ခဲ့သော် လည်း တကယ့်လက်တွေ့တွင် ရွာသွန်းသည့် မိုးက ဆည်တည်ဆောက်ခဲ့သည့် ဒီဇိုင်းထက် အဆပေါင်းများစွာ ပိုများနေခဲ့သဖြင့် နောက်ဆုံးတွင် ဆည်ကျိုးကျခဲ့ကြောင်း သိရှိရသည်။

ဘန်ချောင်ဆည်ကျိုးကျချိန်တွင် မုန်တိုင်းကြောင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားပြီး တရုတ်ပြည်သူများကို သတိပေးရန် အချိန်မရလိုက်ကြောင်း၊ ၁၉၇၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်၊ နံနက် ၁ နာရီဝန်းကျင်တွင် ဘန်ချောင်ဆည် စတင်ပြိုကျခဲ့ပြီး ရေလှိုင်းအမြင့်မှာ ၁၀ မီတာ (၃၃ ပေ) ကျော်ရှိပြီး အကျယ် ၁၁ ကီလိုမီတာ (၇ မိုင်) ခန့် ရှိကြောင်း၊ ဆည်မှ ကျိုး ပေါက်လာသော ရေလှိုင်းမှာ တစ်နာရီကို ၅၀ ကီလိုမီတာ (၃၁ မိုင်) နှုန်းဖြင့် ဆည်အောက်ဘက်ရှိ ကျေးရွာများကို အကြီးအကျယ်တိုက်စား ရေလွှမ်းမိုးသွားခဲ့ကြောင်း သိရှိရသည်။

ဘန်ချောင်ဆည် ပြိုကျမှုကြောင့် ဆည်အောက်ဘက်ရှိ ဆည်ငယ်ပေါင်း ၆၁ ခု ပါ ဆင့်ကဲဆင့်ကဲ (Domino effect) ပြိုကျသွားခဲ့ပြီး ယင်းအချိန် တရုတ် အစိုး ရ၏ တရားဝင်ထုတ်ပြန်ချက်အရ လူပေါင်း ၂၆,၀၀၀ သေဆုံးခဲ့ကြောင်း၊ သို့ရာ တွင် သုတေသီများ၏ ထုတ် ဖော်ချက်များအရ ပြည်သူ စုစုပေါင်း ၁၇၁,၀၀၀ မှ ၂၃၀,၀၀၀ အကြား အထိ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဘန်ချောင်ဆည်ပြိုကျမှုကြောင့် လူပေါင်း ၁၁ သန်း ခန့် ထိခိုက်ခဲ့ပြီး အိမ်ခြေ ၆ သန်း နီးပါး ပျက်စီးခဲ့ကြောင်း၊ ဆည်ကျိုးပြီးနောက် သန့်ရှင်းသည့် ရေမရရှိမှုကြောင့် ကာလဝမ်းရောဂါနှင့် တခြား ကူးစက်ရောဂါတွေကြောင့် လူအများအပြား ထပ်မံသေဆုံးခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article