ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်း၊ မြင်းခြံ-ညောင်ဦး လမ်းပိုင်းတွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Brethren Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်တွင် ညောင်ဦးမြို့နယ်၊ လက်ပန်ခြေပေါ်ရွာမှ လမ်းပိုင်းလုံခြုံရေး ကင်းပတ်ရန် ထွက်လာသော အင်အား ၄၀ ခန့်ပါ စစ်ကား ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက မြင်းခြံ-ညောင်ဦး လမ်းပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“လက်ပံခြေပေါ်ရွာကနေ ထွက်လာတဲ့ စစ်ခွေး ကား ၂ စီးက လမ်းလုံခြုံရေး ကင်းပတ်ဖို့ လာတဲ့အချိန်မှာ ကျနော်တို့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၅ ကောင်သေပြီး ၄ ကောင် ပြင်းထန်ဒဏ်ရာရတယ်” ဟု Brethren Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ ကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ညီနောင်ပျောက်ကြားတပ်ဖွဲ့) နှင့် ညောင်ဦးခရိုင်အမှတ်(၅) တပ်ရင်းတို့က ပူးတွဲလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ် လမ်းပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ကုန်ကားနှင့် ခရီးသွားများ ၁၄ ရက်ကြာ ပိတ်မိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ပြီး မြိတ်-ထားဝယ် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲပြင်းစွာ ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ်က လေယာဉ်ဖြင့်လည်း ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ပြည်သူများနေထိုင်သည့် ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲများသည် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထိ ဖြစ်ပွားနေခြင်းဖြစ်ပြီး မြိတ်-ထားဝယ် လမ်းပိုင်းတွင် ကုန်ကားနှင့် ခရီးသွားများသည် တိုက်ပွဲများကြောင့် ၁၄ ရက်ကြာ ပိတ်မိနေဆဲဖြစ်ကြောင်း သိရှိရသည်။
“မြိတ်-ထားဝယ်လမ်းပိုင်းက တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတော့ ကားသမားတွေလည်းမသွားရဲဘူး။ အဲတာကြောင့် ၁၄ ရက်ရှိပြီး ကုန်ကားနဲ့ ခရီးသွားတွေ ပိတ်မိနေတာ စစ်တပ်ကလည်း လေယာဉ်တွေ လက်နက်ကြီးတွေနဲ့ နေ့တိုင်းနီးပါးကို တိုက်ခိုက်နေတာ ပြည်သူတွေလည်း တိမ်းရှောင်နေရတာရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်ရှိ ချောက်ချောင်းရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တို့ဖြင့် အကြိမ် ၂၀ ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိုထိတွေ့တိုက်ပွဲများအတွင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် သရက်ချောင်းမြို့မှ ဝင်းဝတပ်စခန်းသို့ တပ်အင်အား ဖြည့်တင်းရန် ထွက်လာသော စစ်တပ်၏ တပ်ရင်း ၄၀၃ ၊ ၄၀၄ ၊ ၄၀၅ တို့ ပူးပေါင်းထားသော စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးပြီး MA-1 သေနတ် ၂ လက်၊ MA-3 သေနတ် ၅ လက်နှင့် ခဲယမ်းတချို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။




