ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်တပ်၏ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရသော တပ်သားသစ် ၁၀ ဦး အလင်းဝင်ရောက်လာကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ကျောက်ကြီးမြို့နယ်အတွင်း ခမရ ၄၃၉ တပ်ရင်းတွင် တာဝန်ကျနေသည့် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၅ နှင့် အပတ်စဉ် ၁၃ မှ စစ်သင်တန်းဆင်း စစ်မှုထမ်းတပ်သားသစ်များ ဖြစ်သော အသက် ၃၄ နှစ်အရွယ် မောင်သက်လွင်စိုး၊ အသက် ၂၈ နှစ်အရွယ် မောင်သက်လွင်ဦး၊ အသက် ၂၇ နှစ်အရွယ် မောင်ချစ်မောင်မောင်နှင့် အသက် ၂၄ နှစ်အရွယ် မောင်ချစ်ဝေဖြိုးတို့ ၄ ဦးမှာကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း ၃ ထံသို့ လက်နက်ချ အလင်းဝင်လာကြောင်း သိရှိရသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်လည်း ခမရ ၅၉၈ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၁၆ မှ စစ် သင်တန်းဆင်း စစ်မှုထမ်းတပ်သားသစ်များ ဖြစ်သော အသက် ၄၈ နှစ်အရွယ် မောင်မျိုးဝင်းဇော်၊ အသက် ၃၂ နှစ်အရွယ် သန်းဌေးအောင်၊ အသက် ၃၁ နှစ်အရွယ် ကျော်လင်းထက်၊ အသက် ၃၄ နှစ်အရွယ် ရဲကျော်သူဝင်း၊ အသက် ၃၀ နှစ်အရွယ် တင်မောင်မြင့်နှင့် အသက် ၃၂ နှစ်အရွယ် ဖိုးသား တို့ စစ်မှုထမ်းတပ်သားသစ် ၆ ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ် ရင်း ၉ ထံသို့ ထပ်မံအလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လက်နက်ချ အလင်းဝင်လာသည့် တပ်သားများသည် မိမိတို့ဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှု ထမ်းစေခိုင်းခံရသူများဖြစ်ကြပြီး လက်ရှိအချိန် KNU-ကရင်အမျိုးသားအစည်း အရုံးက ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း၊ အကြမ်း ဖက် စစ်တပ်အတွင်း အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ အမြန်ဆုံး အလင်းဝင်ရောက်လာကြရန် KNU ဗဟိုက တိုက်တွန်းနှိုးဆော်ထားသည်။





