31 C
Yangon

ချစ်ဦးကိုကို မှတ်ပုံတင်ကို လိမ်လည်အသုံးပြု၍ စစ်မှုထမ်းအဖြစ် အသွင်းခံရသော စစ်သား ဇော်ထူးထွက်ပြေးသွားမှုကြောင့် မူလမှတ်ပုံတင်ပိုင်ရှင် ချစ်ဦးကိုကိုကို တပ်ပြေးမှုဖြင့် စစ်တပ်က ဖမ်းဆီးထောင်ချ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တွင် ချစ်ဦးကိုကို မှတ်ပုံတင်ကို လိမ်လည်အသုံးပြု၍ စစ်မှုထမ်းအဖြစ် အသွင်းခံရသော စစ်သား ဇော်ထူးထွက်ပြေးသွားမှုကြောင့် မူလမှတ်ပုံတင်ပိုင်ရှင် ချစ်ဦးကိုကိုကို တပ်ပြေးမှုဖြင့် စစ်တပ်က ဖမ်းဆီးထောင်ချလိုက်ကြောင်း သိရှီရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ ညောင်ရွှေမြို့နယ်၊ နန်းပန်ရပ်ကွက် အုပ်ချုပ်ရေးမှူး နှောင်းနီက ဇော်ထူးဆိုသော လူငယ်ကို ချစ်ဦးကိုကို မှတ်ပုံတင် လိမ်လည် အသုံးပြု၍ မြို့နယ်စစ်မှုထမ်းအဖြစ် စာရင်းသွင်း ပို့ဆောင်ခဲ့ကြောင်း၊ အဆိုပါ ဇော်ထူးသော လူငယ်မှာ စစ်မှုထမ်းအဖြစ် ခေါ်ဆောင်ခံရပြီးနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း သိရှိရသည်။

ထွက်ပြေးသွားသော ဇော်ထူးဆိုသော လူငယ်မှာ ချစ်ဦးကိုကို မှတ်ပုံတင်ကို လိမ်လည်အသုံးပြု စစ်မှု ထမ်းအဖြစ် စာရင်းသွင်းထားသူဖြစ်၍ တပ်ပြေးကြေညာရာတွင် ချစ်ဦးကိုကို နာမည်ကို စစ်တပ်က တပ်ပြေးအဖြစ်သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။

မူလမှတ်ပုံတင်ပိုင်ရှင် အသက် ၂၅ နှစ်အရွယ် ချစ်ဦးကိုကိုမှာ မြ၀တီနယ်စပ်တွင်သွားရောက် အလုပ်လုပ်နေသူဖြစ်ပြီး ၂၀၂၅ ခုနှစ် မေလ ၁၉ ရကနေ့ မြ၀တီမြို့မှ ဇာတိဖြစ်သော ရှမ်းပြည်နယ်သို့ ပြန်လာစဉ် ဘားအံ တံတားစစ်ဆေးရေးဂိတ်တွင် တပ်ပြေးအဖြစ် အဖမ်းခံလိုက်ရကြောင်း သိရှိရသည်။

ယင်းနောက် တပ်ပြေးအဖြစ် စွပ်စွဲခံထားရသော ချစ်ဦးကိုကို ညောင်ရွှေမြို့နယ်သို့ ပို့ကာ တပ်ပြေးမှုဖြင့် တရားစွဲဆိုပြီးနောက် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ထောင်ဒဏ် ၁ နှစ် ၆ လချမှတ်လိုက်ကြောင်း သိရှိရသည်။

“စစ်မှုထမ်းအဖြစ် ခေါ်တဲ့နေရာမှာ မှတ်ပုံတင်အစားထိုးတာတွေ လူစားထိုးတာတွေ သုံးပြီး အသုံးပြုနေတာပါ။ ချစ်ဦးကိုကိုဟာ ၂၀၂၃ ခုနှစ်ကတည်းက မြဝတီမြို့မှာ အလုပ်သွားရောက်လုပ်ကိုင်သူဖြစ်တယ်။ တရားရုံး ထွက်ဆိုချက်တွေမှာလည်း ပေါ်လွင်တယ်။ ရဲတွေကလည်း လူမတူဘူးဆိုတာ ထွက်ဆိုတယ်။ တပ်ပြေး ဖမ်း၀ရမ်းထုတ်ထားသူနဲ့ မူလ မှတ်ပုံတင်ပိုင်ရှင်နဲ့ မတူဘူးဆိုတာ ထွက်ဆိုတယ်။ ဒါပေမယ့်လည်း တရားသူကြီး ထောင်ချလိုက်တယ်။” ဟု ချစ်ဦးကိုကိုနှင့် ရင်းနှီးသော မိတ်ဆွေက ရှင်းပြသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ကလောခရိုင် တရားရုံးသို့ အယူခံတက်သော်လည်း အယူခံ ပယ်ချခံခဲ့ရကြောင်း သိရှိရသည်။

“ ဒီလိုတွေဖြစ်တာက တောင်ကြီး၊ရွှေညောင်၊ညောင်ရွှေတဝိုက်မှာ ပေါ်တာလိုက်ဆွဲပြီး စစ်မှုထမ်းရောင်းစားတဲ့ အဖွဲ့တွေရှိတယ်။အဲဒီအဖွဲ့တွေ မှတ်ပုံတင်အတုတွေ လုပ်ပြီး စစ်သားလိုတဲ့ ရပ်ကွက်တွေကို လိုက်ရောင်းတာ။အဲဒီလိုပုံစံမျိုးနဲ့ စစ်မှုထမ်းဝယ်ထားတော့ ပြဿနာဖြစ်လာတော့ ရှုပ်ကုန်ရော” ဟု တောင်ကြီး မြို့ခံတစ်ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article