ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ညောင်အုပ်ဖီးကျေးရွာအုပ်စုတွင် အများသုံး သောက်ရေကန်ကို ကျေးရွာအုပ်ချုပ်ရေးမှူး ချစ်ရင်နှင့် ကြံ့ဖွတ်ပါတီဝင် ဝင်းညွန့်က ခြံခတ်ပြီး ပြည်သူများကို သောက်ရေယူခွင့်မပေးကြောင်း Voice Of Wundwin အဖွဲ့မှ တာဝန်ရှိသူနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဝမ်းတွင်းမြို့နယ်၊ ညောင်အုပ်ဖီးကျေးရွာအုပ်စု၊ ကုန်းရွာရွာလယ်ရှိ အများပိုင် သောက်သုံးရေကန်အနီး နေထိုင်သော မောင်ထွန်းဆိုသူက ၎င်းခြံပိုင်မြေအတွင်း ထည့်သွင်းနိုင်ရန်အတွက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ချစ်ရင် နှင့် ကြံ့ဖွတ်ပါတီဝင် ဝင်းညွန့် ဆိုသူကို ငွေပေးပြီး ရေကန်ကို ခြံခတ်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ငွေကြေးယူဆောင်ထားသော အုပ်ချုပ်ရေးမှူး ချစ်ရင်နှင့် ကြံ့ဖွတ်ပါတီဝင် ဝင်းညွန့်ဆိုသူကလည်း ရေကန်ကို ခြံခတ်ပြီး ပြည်သူများကို သောက်သုံးရေယူခွင့်မပေးတော့ဘဲ ရေလာခတ်သော ပြည်သူအားလုံးကို ဆဲဆိုကျိမ်းမောင်း၍ ပြန်လွှတ်နေကြောင်း သိရှိရသည်။
ယင်းသို့ ခြံခတ်သည့် ကိစ္စကို ကျေနပ်ခြင်းမရှိသော ပြည်သူများက အုပ်ချုပ်ရေးမှူးနှင့် ကြံ့ဖွတ်ပါတီဝင်ကို သွားရောက်ပြောဆိုသော်လည်း မည်သည့်သူမှ ဂရုမစိုက်ကြောင်း၊ ကြိုက်သည့် နေရာကို သွားရောက်တိုင်ကြားနိုင်ကြောင်း ပြန်လည် ခြိမ်းခြောက် ပြောဆိုသည်ဟု သိရသည်။
“ညောင်အုပ်ဖီးအုပ်စု ကုန်းရွာရွာလယ်မှာရှိတဲ့ အများပြည်သူပိုင် သောက်ရေကန်ကို မောင်ထွန်း ဆိုသူက စစ်တပ်ခန့် အုပ်ကြီး ချစ်ရင် နှင့် ကြံဖွတ်ပါတီဝင် ဝင်းညွန့်ကို ငွေပေးပြီး သူတို့အပိုင်နေရာ အဖြစ် ခြံခတ် သိမ်းဆည်းလိုက်တာ အခု ပြည်သူတွေအတွက် သောက်ရေအခက်အခဲဖြစ်တယ်။ ကြံ့ဖွတ်ပါတီဝင် ဝင်းညွန့်ဆိုတဲ့ကောင်က ငွေယူပြီး ခြံခတ်ထားဖို့ အထိ အစအဆုံး လိုက်လုပ်တာ ပြည်သူတွေက မကျေနပ်လို့ သွားပြောရင်လည်း ဘယ်သူ့မှ ဂရုမစိုက်ဘူး။ ကြိုက်တဲ့နေရာ သွားတိုင် ကြိုက်တဲ့ကောင်လာသတ်လည်း ဂရုမစိုက်ဘူးလို့ ပြန်ပြောတယ်။ အဲကောင်တွေ စစ်တပ်ခေါ်ပြီး ရွာထဲ လာသောင်းကျန်းမှာ ကြောက်လို့ ပြည်သူတွေလည်း ထပ်ပြီး ပြန်မပြောရဲတော့ဘူးလို့ သိရတယ်” ဟု Voice Of Wundwin အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။





