ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာတွင် ယနေ့နံနက်ပိုင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသား နှစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့နံနက်ပိုင်းတွင် ဖားကန့်မြို့နယ်၊ ယူမာကျေးရွာရှိ တပ်စွဲထားသော စစ်တပ်က မျှော်စင်ပေါ်မှနေ၍ ပြည်သူ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ မျက်မြင်သက်သေများနှင့် ဒေသခံများ၏ အဆိုအရ စစ်တပ်က မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ယူမာကျေးရွာမျှော်စင်ပေါ်ကနေ စစ်သားတွေက လှမ်းပစ်တာပါ။ အမျိုးသား ၂ ဦး သေဆုံးသွားပါတယ်” ဟု ဖားကန့်ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
လက်ရှိတွင် ဖားကန့်ဒေသအတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား စစ်ရေးတင်းမာမှုများ ရှိနေသော်လည်း ယခုကဲ့သို့ အရပ်သားများအပေါ် ပစ်မှတ်ထား တိုက် ခိုက်မှုများကြောင့် ဒေသခံပြည်သူများမှာ လုံခြုံရေးအတွက် များစွာစိုးရိမ်ထိတ်လန့်နေကြရပါသည်။
သေဆုံးသွားသူ ၂ ဦး၏ အမည်နှင့် အသေးစိတ်အချက်အလက်များကိုလည်း မသိရသေးဘဲ အလောင်းများမှာလည်း လမ်းပေါ်တွင် ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။
အလားတူ ကချင်ပြည်နယ်၊ KIO/KIA ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့အနီးရှိ ဘွမ်ကထောင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၇၈ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံး ခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်က မိုင်ဂျာယန်မြို့အနီးရှိ ဘွမ်ကထောင် ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၇၈ နှစ်အရွယ် ဦးဇော်တောင်သေဆုံးပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိ ကြောင်း သိရသည်။
“ဦးဇော်တောင် အသက် ၇၈ နှစ် သေတာပဲ သိရသေးတယ်။ ဒီထက်တော့မကဘူး။ သိရတာက တစ် ဦးပဲ သိရတာ။ ညက ၂ နာရီက ဝိုင်းမော်ဘက်လည်း ထပ်ကျဲသွားပါတယ်။ ဘယ်နေရာမှာကျဲ သွား လဲ၊ ထိခိုက်မှုဘယ်လောက်ရှိလဲ ထပ်သိရအောင် လိုက်နေတယ်” ဟု KIA သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်း ဌာထံသို့ ပြောကြားသည်။
မြစ်ကြီးနားမြို့လေဆိပ်အတွင်း တိုက်ခိုက်ခံရမှုနှင့် ဗန်းမော်မြို့အတွင်း တိုက်ပွဲများတွင် အထိနာနေ သော အကြမ်းဖက်စစ်တပ်က ကချင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံး ကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ် ရေးဆိုင်ရာ အချက်ပေးချက်များ၊ နည်းလမ်းများကို ဂရုစိုက်နေထိုင်ပေးကြပါရန် တော်လှန်ရေး အဖွဲ့အစည်းများက တိုက်တွန်းထား သည်။






