ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ် အုပ်ချုပ်ရေးမှူး သန့်ဇင်ထွန်းသည် ဝန်ထမ်းများ ရရှိသည့် ထောက်ပံ့ကြေးများကို ဖြတ်တောက်ယူခြင်းနှင့် တရားမဝင် ရွှေလုပ်ငန်းများထံမှ လိုင်စင်မဲ့ကားများ ရယူစီးနင်းခြင်း အပါအဝင် လာဘ်ပေးလာဘ်ယူမှု အမျိုးမျိုးကို လုပ်ဆောင်နေကြောင်း ၎င်းနှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး သန့်ဇင်ထွန်းသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းတွင်မှ စဉ့်ကူးမြို့နယ်သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ရာထူးတိုးဖြင့် ရောက်ရှိလာသူဖြစ်ပြီး၊ ရောက်ရှိလာပြီးနောက်ပိုင်း ၎င်း၏ ရာထူးအာဏာကို အလွဲသုံးစားပြုလုပ်ကာ ကိုယ်ကျိုးရှာမှုများကို သိသိသာသာ လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
“စဉ့်ကူးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ကနဦးသွားရောက် လုပ်ကိုင်ကြတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို မန္တလေးတိုင်းအစိုးရက တစ်ဦးချင်း ထောက်ပံ့ငွေ ငါးသောင်းကျပ်စီ ပေးပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေ အကုန်မရကြဘူး၊ သူက သူ့ကိုယ်ကျိုးအတွက် ဖြတ်ယူသုံးစွဲလိုက်တာ။ ပြီးတော့ နယ်မြေထဲက တရားမဝင် ရွှေလုပ်ငန်းတွေဆီကနေလည်း သူစီးဖို့အတွက် လိုင်စင်မဲ့ကားတွေကို အာဏာသုံးပြီး တောင်းစီးနေတယ်” ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။
ထို့ပြင် လက်ရှိတွင်လည်း မြို့နယ်အုပ်ချုပ်ရေးမှူး သန့်ဇင်ထွန်းသည် လုပ်ငန်းရှင်တစ်ဦးထံမှ “ဒေသဖွံ့ဖြိုးရေး” ဟူသော ခေါင်းစဉ်ကို အကြောင်းပြကာ ငွေကြေးလာဘ်ယူမှုများ လုပ်ဆောင်နေကြောင်း ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ ထပ်မံသိရှိရပါသည်။
အလားတူ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် ကျော်သက်က စစ်မှုထမ်းကြေး ရက် ၂၀ လျှင် ငွေကျပ် ၃၀၀၀၀ ကောက်ခံပြီး ဘောက်ချာဖြတ်ပိုင်းများထုတ်ပေးသော်လည်း စစ်တပ်က ရွာထဲအထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ကြို့ပင်ကောက်မြို့နယ်၊ ဂုမ္မကွင်းကျေးရွာအုပ်စုတွင် ပျူစောထီးခေါင်းဆောင် ကျော်သက်နှင့် အပေါင်းအပါများက အိမ်ထောင်စု တစ်စုလျှင် ရက် ၂၀ ကို စစ်မှုထမ်းကြေးအဖြစ် ငွေကျပ် ၃၀၀၀၀ တောင်းခံကာ ဖြတ်ပိုင်းများ ထုတ်ပေးနေပြီး မပေးနိုင်သူများကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။
ဖေဖော်ဝါရီလပိုင်းမှ စတင်ပြီး ဂုမ္မကွင်းကျေးရွာအုပ်စုကို အကြမ်းဖက် စစ်တပ်က ညအချိန် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေကာ ပျူစောထီးခေါင်းဆောင် ကျော်သက်ကို စစ်မှုထမ်းကြေး ပေးသွင်းထားသော ဖြတ်ပိုင်းများ ထုတ်ပြသော်လည်း ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် လယ်ယာလုပ်ကိုင်နေသူများကိုလည်း လိုက်လံပေါ်တာဆွဲ ဖမ်းဆီးနေခြင်းကြောင့် လူငယ်များသည် အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိဘဲ ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ဂုမ္မကွင်းကျေးရွာအုပ်စုမှာ ပျူစောထီးခေါင်းဆောင် ကျော်သက်နဲ့ အပေါင်းအပါတွေက အိမ်ထောင်စုတစ်စုကို ရက်ပေါင်း ၂၀ ကို ငွေကျပ် ၃၀၀၀၀ ဆိုပြီး စစ်မှုကြေးကောက်တယ် ဖြတ်ပိုင်းတွေ ထုတ်ပေးတယ်။ မပေးနိုင်ရင် တခါတည်း ပေါ်တာဆွဲ ဖမ်းဆီးတယ်။ အခုနောက်ပိုင်း စစ်တပ်က ညပိုင်းတွေ ဝင်ဆွဲတော့ ဖြတ်ပိုင်းပြလည်း မရတော့ဘူး။ အကုန်လုံးကို ပေါ်တာဆွဲ ဖမ်းဆီးတယ်။ လယ်ယာထဲမှာလည်း လယ်လုပ်နေတဲ့ သူတွေပါ စစ်ခွေးတွေက အကုန်လိုက်ဖမ်းနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။






