31 C
Yangon

အောင်လံတွင် ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ဇော်လွင် လိုက်ပါလာသော ယာဉ်တန်းကို တိုက်ခိုက်မှု ပျူစောထီး ၁ ဦး အရှင်ဖမ်းမိပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် အုပ်ချုပ်ရေးမှူး ဇော်လွင် (ခ) စိန်ကုလား လိုက်ပါလာသော ယာဉ်တန်းကို ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီး ၁ ဦး အရှင် ဖမ်းမိပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း အောင်လံလူထုအဖွဲ့မှ ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အောင်လံမြို့နယ်၊ ကျွဲသေကျေးရွာမှ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ဇော်လွင် (ခ) စိန်ကုလား ဦးဆောင်သော အဖွဲ့ လိုက်ပါလာသည့် ယာဉ်တန်းက မင်္ဂလာဆောင်တစ်ခုသို့ သွားရောက်စဉ် ရွာမကျေးရွာနှင့် ထိန်အင်းကျေးရွာကြားရှိ တောလမ်းတစ်နေရာ၌ တော်လှန်ရေးတပ်ဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို တိုက်ခိုက်မှုအတွင်း ပျူစောထီး ခေါင်းဆောင် ဇော်လွင် (ခ) စိန်ကုလား လိုက်ပါသောကားကို ထိမှန်ခြင်းမရှိဘဲ ရှေ့ဆုံးမှ မောင်းနှင်လာသည့် ကားကိုထိမှန်ခဲ့ကာ ဇော်လွင်(ခ) စိန်ကုလားမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ဇော်လွင်၏ တပည့်ဖြစ်သူ ပျူစောထီး အောင်သိန်းဝင်းနှင့် ကန်လေးရွာမှ ယာဉ်မောင်း ၁ ဦးကို သေနတ် ၁ လက်ဖြင့် အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

ထို့နောက် ပျူစောထီးခေါင်းဆောင် ဇော်လွင် (ခ) စိန်ကုလား၏ နေအိမ်ရှိရာ ကျွဲသေကျေးရွာအထိ တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံ သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ဇော်လွင်သည် ထပ်မံ ထွက်‌ပြေးလွတ်မြောက်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ထိန်အင်းရွာအုပ်ချုပ်ရေးမှူးမှာလည်း ထွက်ပြေးတိမ်းရှောင်သွားပြီး ဒုင်္ဂဗိုလ်ကျေးရွာရှိ သကြားစက်အတွင်း ပုန်းအောင်းနေကြောင်း၊ ထို့ပြင် ပျူစောထီးခေါင်းဆောင် ဇော်လွင် (ခ) စိန်ကုလားကိုလည်း အောင်လံမြို့ရှိ စစ်တပ်၏ ခြေမြန်တပ်ရင်းတစ်ခုက လာရောက် ခေါ်ဆောင်သွားကြောင်း သိရသည်။

“ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့ပါတယ်ဆိုတာတော့ မသိရသေးဘူး။ ကားပဲထိခိုက်တယ်လို့သိထားပါတယ်။ စိန်ကုလားရှေ့က ကားက ပစ်ခံရတော့ သူ့ကားက လှည့်ပြီး ထွက်ပြေးသွားတာ အဲတိုက်ခိုက်မှုမှာ ပျူစောထီး အောင်သိန်းဝင်းကိုပဲ ဖမ်းမိပါတယ်။ ထိခိုက်သေဆုံးမှု မရှိပါဘူး။ သူတို့ကို ဖမ်းဆီးစစ်ဆေးနေတုန်းလို့သိထားပါတယ်။ ပျူစောထီး အောင်သိန်းဝင်းဆီကနေ သေနတ် ၁ လက် သိမ်းဆည်းရရှိတယ်လို့တော့ သိရတယ်။ စိန်ကုလားက ပျူစောထီး ခေါင်းဆောင်ဆိုတော့ အောင်လံမြို့က ခြေလျင်တပ်ရယ် ဒုင်္ရဂဗိုလ်ရဲစခန်းက ရဲတွေရယ်နဲ့ ပူးပေါင်းပြီး လူထုအနိုင်ကျင့်မှု ကိစ္စတွေလုပ်ဆောင်ပါတယ်။ လက်ရှိမှာ စိန်ကုလား ကိုတော့ အောင်လံမြို့ ခြေမြန်တပ်ရင်း ကလာခေါ်သွားပါတယ်။ ခုချိန်ထိပြန်မလာရဲသေးဘူး။ စိန်ကုလားဦးဆောင်တဲ့အဖွဲ့က အင်အား ၁၀ ဦးထိရှိမယ်။ အဲ့နေ့ကတော့ သူ့အဖွဲ့ဝင်အကုန်မပါဘူး။ သင်တန်းတက်နေလို့တဲ့ ပါသွားတဲ့ ကောင်တော့ ဖမ်းမိသွားတယ်။ စိန်ကုလားက ပေါ်တာဆွဲဖမ်းဆီးတာ ကျေးရွာအတွင်းမှာမလုပ်ဘူးလို့သိထားတယ်။ ကျေးရွာအတွင်းမှာက ငွေပဲတောင်းတယ်။ ရွာဘေးတွေမှာပဲ လိုက်လံဖမ်းဆီးတာမျိုးလုပ်တာ ပြစ်မှုအနေနဲ့က အရမ်းများတယ်” ဟု အောင်လံလူထုအဖွဲ့က ပြောဆိုသည်။

အဆိုပါ ပျူစောထီးခေါင်းဆောင် ဇော်လွင် (ခ) စိန်ကုလားသည် လက်နက်များ ကိုင်ဆောင်ကာ ကျေးရွာအတွင်း ငွေကြေး အတင်းအဓမ္မ တောင်းခံခြင်း၊ ပြည်သူများကို စစ်မှုထမ်းရန် ရောင်းစားခြင်း၊ အနိုင်ကျင့် ဗိုလ်ကျခြင်းများကို လုပ်ဆောင်နေသူ ဖြစ်ကြောင်း၊ ၎င်းနှင့်အတူ ထိန်အင်းကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများဖြစ်ကြသော ဇော်ထွန်း၊ သန်းတိုးအောင် တို့ကလည်း ပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အောင်လံမြို့အဝင် စစ်တပ်စစ်ဆေးရေးဂိတ် ။(ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article