ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
အကြမ်းဖက်စစ်တပ်၏ စစ်အာဏာသိမ်းကာလ ၅ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သော စစ်ဗိုလ်ချုပ်များ၊ ဝန်ကြီးများ၊ ဒုဝန်ကြီးများ အပါအဝင် နိုင်ငံရေးရာထူးအားလုံးကို မင်းအောင်လှိုင်က နိုင်ငံရေးပင်စင်နှင့် ဆုကြေးများ ပေးအပ်မည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ ၂၀၂၆ ခုနှစ် မတ်လ အစိုးရသစ်ဖွဲ့စည်းချိန်အထိ တာ ဝန် ထမ်းဆောင်သည့် နိုင်ငံရေးရာထူး ရယူခဲ့သော စစ်ဗိုလ်ချုပ်များ၊ ဝန်ကြီးများ၊ ဒုဝန်ကြီးများ အပါအဝင် နိုင်ငံရေးရာထူးအားလုံးကို မင်းအောင်လှိုင်က နိုင်ငံရေးပင်စင် ပေးမည့်အပြင် တာဝန်ထမ်းဆောင်မှုကာလ အတွက် ဆုကြေးများလည်း ပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။
” စစ်အာဏာသိမ်း ၅ နှစ်လုံး အပြည့် တာဝန်ထမ်းဆောင်ခဲ့တဲ့ နိုင်ငံရေးရာထူး တာဝန်ယူခဲ့တဲ့ တပ်မ တော်အရာရှိကြီးတွေ၊ ဝန်ကြီး၊ ဒုဝန်ကြီးတွေ၊ တိုင်း/ပြည်နယ်ဝန်ကြီးချုပ်တွေ အပါအဝင် နိုင်ငံရေးရာထူးတွေအားလုံးကို နိုင်ငံရေးပင်စင် အပြင် ဆုကြေးတွေ ပေးမယ်လို့ သိရတယ်။ အစိုးရသစ်ကို အာဏာလွှဲမယ့်အချိန်မှာ တာဝန်တွေပြီးဆုံးမယ့် နိုင်ငံရေးရာထူးတွေ အားလုံးကို ပင်စင်နဲ့ ဆုကြေးရကြမှာလို့ သိရတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
သို့ရာတွင် စစ်အာဏာသိမ်းကာလ အတွင်း တာဝန်ထမ်းဆောင်ခဲ့သော်လည်း လာဘ်ပေးလာဘ်ယူမှု ၊ တာဝန်မကျေပွန်မှု အပါ အဝင် ရာဇဝတ်ပြစ်မှုများ၊ အခြားပုဒ်မများဖြင့် အရေးယူ ထုတ်ပယ်ခံခဲ့ရသော စစ်ဗိုလ်ချုပ်များ၊ ဝန်ကြီးများ ၊ ဒုဝန်ကြီးများ အပါအဝင် အရေးယူ ဖယ်ရှားခံရသူများမှာမူ မည်သည့်ပင်စင်နှင့် ဆုကြေးကိုမှ ပေးအပ်မည်မဟုတ်ကြောင်း သိရှိရသည်။
မင်းအောင်လှိုင်မှာ စစ်အာဏာသိမ်းပြီးနောက် စစ်ဦးစီးချုပ် ရာထူးအပြင် ဝန်ကြီးချုပ်၊ ယာယီသမ္မတ၊ စစ်ကောင်စီဥက္ကဋ္ဌ၊ စစ်ကောင်မရှင် ဥက္ကဋ္ဌ ၊ ကာ/လုံ ဥက္ကဋ္ဌ စသည့် နိုင်ငံရေးရာထူးများစွာကို တစ်ဦးတည်း နာမည်အမျိုးမျိုးတပ်၍ ရယူထားခဲ့သည်။




