26 C
Yangon

ရွှေဘိုခရိုင်အတွင်း ဖွင့်လှစ်ထားသော ဂိတ် ၇၅ ခုကို ပိတ်သိမ်းလိုက်ပြီး စစ်ဆေးရေးဂိတ်များကို ခရိုင်ကွပ်ကဲရေးအဖွဲ့ ခွင့်ပြုချက်ဖြင့်သာ ပြုလုပ်ရန် ညွှန်ကြား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း ဖွင့်လှစ်ထားသော ဂိတ် ၇၅ ခုကို ပိတ်သိမ်းလိုက်ပြီး စစ်ဆေးရေးဂိတ်များကို ခရိုင်ကွပ်ကဲရေးအဖွဲ့ ခွင့်ပြုချက်ဖြင့်သာ ပြုလုပ်ရန် ညွှန်ကြားထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရွှေဘိုခရိုင် ခရိုင်ကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်ချက်နှင့် ရွှေဘိုခရိုင်တပ်ရင်း – ၂၄ မှ တာဝန်ရှိသူ ပြောဆိုချက်အရ သိရှိရသည်။

အမှတ် (၁) ရွှေဘိုခရိုင် စစ်ဌာနနယ်မြေအတွင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ ဖွင့်လှစ်ထားသည့် ပြည်ထောင်စုအခွန်ဂိတ်၊ လမ်းပြုပြင်ရေး စည်ပင်ဂိတ်များအပါအဝင် ကာကွယ်ရေးအဖွဲ့များက အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖွင့်လှစ်ထားသော ဂိတ်များ စုစုပေါင်း ၇၅ ဂိတ်ရှိခဲ့ပြီး တစ်မြို့နယ်လျှင် ပျမ်းမျှ ၂၅ ဂိတ်ခန့် ဖွင့်လှစ်ထားခြင်းကြောင်း သိရှိရသည်။

အဆိုပါ ဂိတ်များထဲမှ အများစုသည် အထက်အဆင့်ဆင့်၏ လမ်းညွှန်ချက်၊ ခွင့်ပြုချက်ရယူထားခြင်းမရှိဘဲ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ပြည်သူများထံမှ ငွေကြေးများကောက်ခံခြင်း၊ စစ်ဆေးရေးပြုလုပ်ရာတွင် စည်းကမ်းတကျ မရှိခြင်းတို့ကြောင့် ဒေသတွင်းပြည်သူများ၊ လုပ်ငန်းရှင်များ၊ ခရီးသွားယာဉ်များနှင့် တော်လှန်ရေးအဖွဲ့အစည်းများ ခရီးသွားလာရ နှောင့်နှေးပြီး စိတ်အနှောက်အယှက်ဖြစ်ရကြောင်း တိုင်ကြားချက်များအရ ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဂိတ်များအားလုံးကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နောက်ဆုံးထား၍ ပိတ်သိမ်းခိုင်းခဲ့ပြီးနောက် စစ်ရေးအရ လိုအပ်ပါက ခရိုင်ကွပ်ကဲရေးအဖွဲ့၏ ခွင့်ပြုမိန့်စာဖြင့်သာ ပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ခရိုင်စစ်ဌာနနယ်မြေအတွင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီများနှင့် ညှိနှိုင်းကာ မလိုအပ်သည့်ဂိတ်များကို ပိတ်သိမ်းနိုင်ရေးနှင့် လိုအပ်ချက်အရ ဖွင့်လှစ်ထားသည့်ဂိတ်များကိုလည်း စနစ်တကျ ပေါင်းစည်းနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြို့များကို ခရိုင်စစ်ဌာနနယ်မြေအတွင်းမှ ရှောင်ကွင်းသွားလာရသည့် လမ်းပိုင်းများကိုလည်း မြို့နယ်အသီးသီးမှ စည်ပင်သာယာရေးကော်မတီများက ပြည်သူလူထုပေးဆောင်သည့် စည်ပင်သာယာရေးအခွန်များဖြင့် အကောင်းမွန်ဆုံးဖြစ်အောင် ပြန်လည်ပြင်ဆင်ပေးရန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ပြည်သူတွေက ကျနော်တို့ အမှတ် ၁ စစ်ဒေသက စာထုတ်ပြန်တဲ့အချက်ကို စစ်ကိုင်းတိုင်းတစ်ခုလုံး PDF ဂိတ်တွေအားလုံး အကျုံးဝင်တယ်ထင်ပြီး ခုလိုစာထုတ်ပေမယ့်လည်း မထိရောက်ဘူးကောက်ကြတုန်းပဲ ဆိုတာမျိုးတွေလာတိုင်ကြတာမျိုးရှိတယ်။ ဒီထုတ်ပြန်ချက်ထဲမှာပါတဲ့အတိုင်း ရွှေဘိုခရိုင် အမှတ် (၁) စစ်ဒေသကတော့ ဒါတွေမရှိတော့ပေမယ့် ရှိသင့်တဲ့နေရာမှာတော့ ထားကိုထားရမယ့်နေရာတွေရှိတယ်။ ဒါတွေတော့ နားလည်ပေးကြဖို့ လုံးလုံးမရှိတော့တာတော့ မဟုတ်ဘူး။ ဖောင်ပွနေတဲ့မလိုလားအပ်တဲ့ ဂိတ်တွေပိတ်ပြီး အစိုးရတစ်ရပ်မှာရှိသင့်တဲ့ အခွန်ကောက်ခံမှုဂိတ်တွေတော့ ထားကိုထားရဦးမှာမို့ လိုက်နာကြဖို့ နားလည်ကြဖို့ စာထုတ်တဲ့သဘောပါ။ အကုန်ပိတ်ပြီဆိုပြီး ပြောနေကြတာမျိုး အငြင်းအခုန်တွေ ကြားနေရလို့ အခြားဒေသတွေတော့ သူတို့စည်းမျဥ်းအတိုင်းပေါ့။ ကျနော်တို့ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဒေသကတော့ ယခုထုတ်ပြန်ချက်အတိုင်းပါပဲ။ ထုတ်ပြန်ချက်ထက်ကျော်လွန်တဲ့ မှတ်ချက်မျိုး မပေးလိုပါဘူး” ဟု ရွှေဘိုခရိုင်တပ်ရင်း – ၂၄ မှ တာဝန်ရှိသူပြောဆိုသည်။

လက်ရှိချိန်တွင် မြို့နယ်အလိုက် ရှိသင့်သည့် ဂိတ်အရေအတွက်ကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ အရပ်ဖက်၊ စစ်ဖက် အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ သတ်မှတ်ထားပြီး သတ်မှတ်ထားပြီးဖြစ်ကာ အဆိုပါ စည်းကမ်းချက်များကို မလိုက်နာပါက ထိရောက်စွာ အရေးယူမည့်စနစ် တည်ဆောက်ထားကြောင်း၊ ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေနှင့်လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တော်လှန်ရေးကာလအတွင်း သတ်မှတ်အခွန်ခွဲတမ်းများကို တာဝန်သိစိတ်ဖြင့် ပေးဆောင်ကြရန်နှင့် စည်းကမ်းသတ်မှတ်ချက်များအား လိုက်နာပေးကြပါရန် ရိုကျိုးလေးစားစွာဖြင့် ရွှေဘိုခရိုင် ခရိုင်ကွပ်ကဲရေးအဖွဲ့ တိုက်တွန်းနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article