ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
မကွေးတိုင်း၊ ချောက်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မကွေးခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ခန့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခြင်း၊ ပြည်သူများကို လူသားဒိုင်းဖမ်းဆီးခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များက ၂ ရက်ဆက် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့များက Rocket များ၊ ဒရုန်းများ၊ လက်နက်ငယ်များ၊ မိုင်းများဖြင့် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦး ထက်မနည်းသေဆုံးကာ စစ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“အဲတိုက်ပွဲက အကြမ်းဖက် စစ်ခွေး ၄ ကောင် ထက်မနည်း သေဆုံးတယ်။ စစ်ခွေး အများအပြားလည်း ထိခိုက်ဒဏ်ရာရတယ်။ အခုပြောတဲ့ ခွေးသေစာရင်းက သူတို့ အလောင်းတွေမြှုပ်ခဲ့တာကို တွေ့တာပဲရှိသေးတယ်။ ကျနော်တို့ စစ်ခွေးအလောင်းတွေတော့ မဖော်ကြည့်ရသေးဘူး။ အရမ်းပုပ်နံ့တွေ ထွက်နေလို့” ဟု မကွေးခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ မကွေးခရိုင်အမှတ်(၁)တပ်ရင်း၊ မကွေးခရိုင် အမှတ်(၂)တပ်ရင်း၊ မကွေးခရိုင်အမှတ် (၃)တပ်ရင်း နှင့်အတူ ပူးပေါင်းစစ်ကြောင်းများက လုပ်ဆောင်ခဲ့ကြောင်း၊ မကွေးခရိုင်စစ်ဌာနအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များ၊ တော်လှန်ရေး အင်အားစုများနှင့်ပူးပေါင်းကာ အာဏာရှင်အမြစ်ဖြတ် တိုက်ပွဲများ အရှိန်မြှင့် ဖော်ဆောင်လျက်ရှိကြောင်း အသိပေး ပြောဆိုထားသည်။






