26 C
Yangon

စစ်တပ်က စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး ၁ နှစ်အတွင်း အရပ်သား လူငယ် ၁၉,၀၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး ပြည်ပ ခရီးသွားလာခွင့်များ ပိတ်ပင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

အကြမ်းဖက်စစ်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာတည်ကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများကို ဖမ်းဆီးမှုနှင့် ပြည်ပထွက်ခွာခွင့် ကန့်သတ်မှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လျက်ရှိကြောင်း Spring Revolution Database (SRD)၏ အစီရင်ခံစာအရ သိရှိရသည်။

SRD ၏ ကောက်ယူရရှိသော အချက်အလက်များအရ ဥပဒေထုတ်ပြန်ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဖေဖော် ဝါရီလ ၁၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ၁ နှစ်အတွင်း အရပ်သားပြည်သူ စုစုပေါင်း ၁၉,၁၆၃ ဦး ဖမ်းဆီးခြင်း ခံခဲ့ရပါသည်။

စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ရာတွင် နိုင်ငံတစ်ဝန်း ကျေးရွာများတွင် ၉,၅၄၂ ဦး၊မြို့ပြဒေသများတွင် ၆,၉၂၃ ဦး၊ လမ်းခရီးနေရာများတွင် ၂,၁၁၈ ဦး၊ စစ်ဘေးရှောင် (IDP) စခန်းများတွင် ၂၂၃ ဦး၊ အဝေးပြေးကားဂိတ်နှင့် လေယာဉ်ကွင်းများတွင် ၁၂၆ ဦး ရှိခဲ့ကြောင်း သိရှိရသည်။

နယ်မြေအလိုက်ကြည့်လျှင် စစ်ကိုင်းတိုင်းတွင် ၄,၁၄၆ ဦးဖြင့် အများဆုံး ဖမ်းဆီးခံရသည့် ဒေသဖြစ် ကြောင်း သိရှိရသည်။

စစ်မှုထမ်းဥပဒေကြောင့် ပြည်ပသို့ တိမ်းရှောင်သွားကြသည့် မြန်မာနိုင်ငံသားများသည်လည်း နယ်စပ်ဖြတ်ကျော်မှုနှင့် လူဝင်မှုကြီးကြပ်ရေးအမှုများဖြင့် အိမ်နီးချင်းနိုင်ငံများတွင် ဖမ်းဆီးခံနေရကြောင်း၊ ၂၀၂၄ ခုနှစ် မှ ၂၀၂၆ ဇန်နဝါရီလအတွင်း ထိုင်း၊ မလေးရှား၊ လာအိုနှင့် အိန္ဒိယနိုင်ငံတို့တွင် မြန်မာနိုင်ငံသား စုစုပေါင်း ၁၆,၈၃၆ ဦး ထိန်းသိမ်းခံခဲ့ရကြောင်း သိရှိရသည်။

အဆိုပါနိုင်ငံများမှ ပြန်လည်ပို့ဆောင်သည့် မြန်မာနိုင်ငံသားများကို စစ်ကောင်စီက နယ်စပ်ဂိတ်များနှင့် လေဆိပ်များတွင် စောင့်ကြိုဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ရနောင်း-ကော့သောင်းမှ ၁,၁၄၉ ဦး၊ ဂျိုဟိုးလေဆိပ်မှ ၈၃ ဦးနှင့် တမူးနယ်စပ်မှ ၂၆ ဦးတို့ကို ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရှိရသည်။

စစ်မှုထမ်းအကျုံးဝင်သော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို ပြည်ပထွက်ခွာခွင့် တားမြစ်ပိတ်ပင်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ စတင်ကာ ရန်ကုန်လေဆိပ်နှင့် တာချီလိတ်နယ်စပ်ဂိတ်များတွင် အလည်အပတ်နိုင်ငံကူးလက်မှတ် (PV) ကိုင်ဆောင်ထားသည့် လူငယ်များကို အကြောင်းပြချက်မရှိဘဲ ထွက်ခွာခွင့် ပိတ်ပင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရခိုင်လူငယ်တစ်ဦးအား “ရခိုင်လား” ဟု မေးမြန်းကာ လေယာဉ်ပေါ်တက်ခွင့် ပိတ်ပင်ပြီး နိုင်ငံကူးလက်မှတ် သိမ်းဆည်းခြင်းများ ရှိခဲ့သလို၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်၍ ပြည်ပအလုပ်အကိုင် (PJ) နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက်မည့် အမျိုးသား၊ အမျိုးသမီးအားလုံးကိုလည်း ထွက်ခွာခွင့် ယာယီရပ်ဆိုင်းထားကြောင်း သိရပါသည်။

အခြားတစ်ဖက်တွင်လည်း PSMS နည်းပညာဖြင့် လူငယ်များကို စောင့်ကြည့်ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ပြီး စစ်တပ်က တရုတ်နိုင်ငံ Huawei ကုမ္ပဏီနှင့် ရုရှားနိုင်ငံတို့၏ အကူအညီဖြင့် Person Scrutinization and Monitoring System (PSMS) ဟုခေါ်သော AI နည်းပညာသုံး စောင့်ကြည့်ရေးစနစ်ကို အသုံးပြု၍ အရပ်သားများကို ဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါစနစ်တွင် လူဦးရေ ၅ သောင်းဝန်းကျင်၏ ကိုယ်ရေးအချက်အလက်များကို ထည့်သွင်းထားပြီး မျက်နှာမှတ်မိခြင်း (Facial Recognition) နှင့် Biometric Data များဖြင့် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးနေကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း နမ့်စန်၊ သာစည်၊ ကလောနှင့် အောင်ပန်း စစ်ဆေးရေးဂိတ်များတွင် အဆိုပါ PSMS စနစ်ကို အသုံးပြု၍ CDM မိသားစုများ၊ တော်လှန်ရေးအင်အားစုများကို ထောက်ပံ့သူများနှင့် လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article