ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကညင်မြိုင်ကျေးရွာတွင် မူးယစ်ဆေးဝါး အရောင်းအဝယ်ကိစ္စ ငွေကြေးအကြွေးတောင်းရာမှတစ်ဆင့် ရှမ်းနီပြည်သူ့စစ်အဖွဲ့နှင့် ဝရမ်းပြေးပြည်သူ့စစ်ဟောင်းတရားခံတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဝရမ်းပြေးပြည်သူ့စစ်ဟောင်း မှာ သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၆ နာရီခွဲခန့်တွင် ကညင်မြိုင်ကျေးရွာအတွင်း၌ မူးယစ်ဆေးဝါးကို အကြွေးစနစ်ဖြင့် ဝယ်ယူသုံးစွဲနေကြသော ရှမ်းနီပြည်သူ့စစ်အဖွဲ့ဝင်အချို့ထံမှ ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်း ဝင်းဘိုက ငွေကြေးလိုက်လံတောင်းခံရာမှ ပစ်ခတ်မှုစတင်ခဲ့ကြောင်း၊ ထိုသို့ အကြွေးတောင်းခံမှုကို မကျေနပ်သည့် ရှမ်းနီပြည်သူ့စစ်အဖွဲ့ဝင်များက မူးယစ်ဆေးဝါး ရောင်းချနေသူ ဝင်းဘိုအား ဖမ်းဆီးရန် ၎င်း၏နေအိမ်သို့ သွားရောက်ဝိုင်းရံစဉ် ဝင်းဘိုက လက်ပစ်ဗုံးဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်းကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
“သူကလဲ ငါက ပြည်သူစစ်ခေါင်းဆောင်ကွ၊ ဖမ်းရဲ ဖမ်းကြည့်ပေါ့၊ ဆိုပြီး တရားမဝင် ကိုင်ဆောင် ထားတဲ့ လက်ပစ်ဗုံးနဲ့ လာဖမ်းတဲ့ ရှမ်းနီအဖွဲ့ကို ပစ်ထည့်လိုက်တာ၊ ရှမ်းနီအဖွဲ့ကလဲ ပြန်ပစ်တာ၊ ဝင်းဘိုလည်း ထိပြီး ဒဏ်ရာနဲ့ ဖမ်းမိသွားတယ်၊ ရှမ်းနီဖက်ကလဲ လက်ပစ်ဗုံးကွဲလို့ ဒဏ်ရာရကြတယ်။” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြား သည်။
အဆိုပါ ပစ်ခတ်မှုအတွင်း ရှမ်းနီပြည်သူ့စစ်အဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဝင်းဘိုမှာလည်း ဒဏ်ရာအပြင်းအထန် ရရှိကာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း၊ ထို့အပြင် ဖမ်းဆီးရရှိသူ ဝင်းဘို၏ နေအိမ်အတွင်းမှ မူးယစ်ဆေးပြား၊ ရာမ၊ ဘိန်း၊ လက် ပစ်ဗုံး ၂ လုံး၊ ဓားရှည်တစ်လက်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
သေဆုံးသူ ဝင်းဘိုမှာ လက်ရှိ ကညင်မြိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းလွင်၏ ညီဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးစကာလက ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကို PDF ထောက်ခံသူဟု စွပ်စွဲကာ စစ်ကောင်စီတပ်နှင့် ပူး ပေါင်း၍ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သူလည်းဖြစ်သည်။
၎င်း၏ ဥပဒေမဲ့ လုပ်ရပ်များကြောင့် ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ပြန်ခဲ့သဖြင့် ပြည်သူ့စစ်အဖွဲ့မှ ထုတ် ပယ်ခံရကာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဝရမ်း ပြေးတစ်ဦးလည်း ဖြစ်သည်။
သို့သော် ၂၀၂၅ ခုနှစ်အတွင်း ၎င်း၏အစ်ကိုဖြစ်သူ ဝင်းလွင်က ကျေးရွာအုပ် ချုပ်ရေးမှူး ရာထူးကို ငွေကြေးပေး၍ ရရှိခဲ့ပြီးနောက်၊ ဖမ်းဝရမ်းထုတ်ခံထားရသည့် ညီဖြစ်သူကို ရွာအတွင်း ပြန်လည်ခိုလှုံခွင့်ပေးခဲ့ရုံမျှမက မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်နိုင်ရန် အကာအကွယ်ပေးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ဒေသခံတစ်ဦးက “သူ့အစ်ကို အုပ်ချုပ်ရေးမှူး အရှိန်အဝါနဲ့ ရွာထဲမှာ မူးယစ်ဆေးဝါးတွေ ဗြောင်ကျကျ ရောင်းနေတာ။ အုပ်ချုပ်ရေးမှူးကလည်း ဝရမ်းပြေးညီကို ရဲလက်မအပ်တဲ့အပြင်၊ ရွာသားတွေရဲ့ ခြံဝင်းတွေကို အတင်းအဓမ္မ ဖယ်ခိုင်းတာမျိုးတွေ အာဏာပြလုပ်နေတယ်” ဟု ပြောကြားသည်။
လက်ရှိတွင် အဆိုပါပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေပြီး၊ အုပ်ချုပ်ရေးမှူး၏ မူးယစ်ဆေးဝါး အကာအကွယ်ပေးမှုနှင့် အဂတိလိုက်စားမှုများအပေါ် ဒေသခံများအကြား ဝေဖန်မှုများ ပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရှမ်းနီပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဟောင်း ဝင်းဘိုထံမှ ရရှိသော လက်ပစ်ဗုံး၊ ဓားများနှင့် မူးယစ်ဆေးဝါးသုံးပစ္စည်းများ။





