ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
မြန်မာစစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်မှုများကို ရပ်တန့်စေရန်အတွက် လေယာဉ်ဆီထောက်ပံ့ပေးနေသည့် သင်္ဘောများနှင့် ကုမ္ပဏီများကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ်ရန် Justice For Myanmar (JFM) က အီးယူ၊ ယူကေ၊ ကနေဒါ၊ အမေရိကန်နှင့် ဩစတေးလျအစိုးရများကို တောင်းဆိုလိုက်သည်။
စစ်အုပ်စု၏ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ ရရှိသော အချက်အလက်များအရ မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်သွင်းမှုသည် ၂၀၂၄ ခုနှစ်တွင် မတ်ထရစ်တန် ၆၄,၅၆၂ သာရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၁၀၆,၆၀၄ အထိ နှစ်ဆနီးပါး တိုးလာခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ လေယာဉ်ဆီတင်သွင်းမှု မြင့်တက်လာခြင်းသည် ၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စု၏ မကြုံစဖူး များပြားလှသော လေကြောင်းတိုက်ခိုက်မှုများကို အားဖြည့်ပေးနေခြင်းဖြစ်ပြီး၊ ကျောင်းများ၊ ဆေးရုံများနှင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုကို ပိုမိုဆိုးရွားစေခဲ့သည်။
Amnesty International နှင့် Reuters သတင်းဌာနတို့၏ ဖော်ထုတ်ချက်များအရ မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်သွင်းမှုများသည် အီရန်နိုင်ငံနှင့် ဆက်နွှယ်နေသည့် “မှောင်ခိုသင်္ဘောအုပ်စု” များမှတစ်ဆင့် လုပ်ဆောင်နေခြင်းဖြစ်သည်။
ထို့အပြင် ဗီယက်နမ်နိုင်ငံရှိ Cai Mep Petroleum Terminal ဆိပ်ကမ်းကို လေယာဉ်ဆီများ တဆင့်ပြန်လည်တင်ပို့ရန်နှင့် မူလဇစ်မြစ်ကို ဖုံးကွယ်ရန် အသုံးချနေကြောင်း တွေ့ရှိရသည်။
ပိတ်ဆို့အရေးယူရန် တောင်းဆိုခံထားရသည့် သင်္ဘောများနှင့် အဖွဲ့အစည်းများ JFM အနေဖြင့် နိုင်ငံခြားသင်္ဘော (၄) စင်းနှင့် ၎င်းတို့၏ ပိုင်ရှင်များ၊ မန်နေဂျာများကို အဓိကထား ပိတ်ဆို့ရန် တောင်းဆိုထားပါသည်။
မြန်မာစစ်အုပ်ထံသို့ လေယာဉ်ဆီ တင်ပို့နေသော သင်္ဘောများအနက် BARAAWE 1က ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း ၉ ကြိမ် တင်ပို့ခဲ့ကြောင်း၊ LS MERCURY သင်္ဘောက ၂၀၂၄ ခုနှစ်အတွင်း ၁ ကြိမ် တင်ပို့ခဲ့ကြောင်း၊ REEF သင်္ဘောက ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွင်း ၃ ကြိမ် တင်ပို့ခဲ့ကြောင်း၊ NOBLE သင်္ဘော ကလည်း ၂၀၂၅ ခုနှစ်အတွင်း ၄ ကြိမ် တင်ပို့ခဲ့ကြောင်း သိရှိရသည်။
အဆိုပါသင်္ဘောများကို စီမံခန့်ခွဲနေသည့် ယူအေအီးအခြေစိုက် Pacific Light Operation, Sea Route Ship Management နှင့် ဗီယက်နမ်အခြေစိုက် Allsea Management အပါအဝင် ကုမ္ပဏီအများအပြားကိုလည်း အရေးယူရန် တောင်းဆိုထားသည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဗီယက်နမ်ကနေ အီရန်အထိ ကျယ် ပြန့်တဲ့ ထောက်ပံ့ရေးကွင်းဆက်တစ်ခုက မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို လောင်စာဖြည့်ပေးနေပါတယ်။ လက်ရှိမှာ ကနေဒါနိုင်ငံတစ်နိုင်ငံတည်းကသာ လေယာဉ်ဆီတင်ပို့မှုနဲ့ ရေကြောင်းအာမခံဝန်ဆောင်မှုတွေကို ခိုင်ခိုင်မာမာ ပိတ်ပင်ထားတာဖြစ်လို့ တခြားအစိုးရတွေအနေနဲ့လည်း ဒီသွေး စွန်းနေတဲ့ ကုန်သွယ်မှုကို အဆုံးသတ်ဖို့ ကနေဒါရဲ့ ဦးဆောင်မှုအတိုင်း လိုက်နာရပါမယ်” ဟု ပြောကြားခဲ့သည်။
ယခုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်ခြင်းသည် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်နိုင်စွမ်းကို ဟန့် တားရုံသာမက၊ အီရန်အစိုးရ၏ လောင်စာဆီတင်ပို့နိုင်စွမ်းကို ကန့်သတ်ရန် ရည်ရွယ်သည့် လက်ရှိပိတ် ဆို့မှုများကိုလည်း ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း JFM က ထောက်ပြသည်။




