ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဘက်မှ မြဝတီမြို့သို့ ဈေးထွက်ဝယ်သည့် ပြည်သူများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် လူ ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် လေးကေ့ကော်မြို့ ရသေ့ဂူရွာအနီးတွင် ကျောက်ခက်ဘက်မှ မြဝတီမြို့ကို ဈေးဝယ်ရန် ထွက်လာသည့် ပြည်သူများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရသေ့ဂူရွာအနီးမှာ ကျောက်ခက်ကနေ မြဝတီကို စျေးလာဝယ်တဲ့ ကားကို စစ်ခွေးတွေက ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာလို့ သိရတယ်။ ဗုံးက ကားပေါ်ကျရောက်ပေါက်ကွဲလို့ ပြည်သူ ၆ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ စစ်ခွေးတွေက လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်တာတွေလည်း လုပ်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် လက်နက်ငယ်များဖြင့်လည်း ရမ်းသမ်း ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စစ်တပ်၏ ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူများတွင် DKBA အဖွဲ့ဝင်တချို့ ပါသည်ဟု သတင်းများ ရရှိထားသော်လည်း သက်ဆိုင်ရာDKBA အဖွဲ့ထံမှ အတည်ပြုချက် ရယူနိုင်ခြင်းမရှိပေ။





