ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၌ အသက် ၂၁ နှစ်အရွယ် မဖြူဖြူအေး လမ်းဘေးတွင် အလောင်းစွန့်ပစ်ခံရပြီး သေဆုံးမှုအတွက် ပါဝင်ပတ်သက်သူတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း မဖြူဖြူအေး၏ မိတ်ဆွေတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၄ ရက်တွင် အသက် ၂၅ နှစ်အရွယ် စိုင်းဇော်ပိုင် ဆိုသူကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်း၏ ထွက်ဆိုချက်အရ မဖြူဖြူအေးသည် ဖေဖော်ဝါရီ ၁၄ ရက်တွင် အဓိကတာဝန်ရှိသူ ဉာဏ်လင်းထက် (ခ) အားစန်းကောနှင့်အတူ KTV တစ်ခုတွင် မူးယစ်ဆေးဝါး သုံးစွဲခဲ့ကြောင်း၊ ဆေးလွန်သွားသဖြင့် တည်းခိုခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့နောက် မဖြူဖြူအေး အခြေအနေမကောင်းသဖြင့် အားစန်းကောက တည်းခိုခန်းသို့ ခေါ်ဆောင်ကာ ကုသမှု လုပ်ရန် ကြိုးပမ်းခဲ့သော်လည်း မဖြူဖြူအေးသေဆုံးသွားခဲ့ကြောင်း၊ မဖြူဖြူအေး သေဆုံးသွားပြီးနောက် အားစန်းကောနှင့် ၎င်း၏မိခင်ဖြစ်သူ ဒေါ်နန်းဆိုင်သန်းတို့က အလောင်းအား စောင်ဖြင့်ပတ်ကာ ဆားများသိပ်လျက် ဖေဖော်ဝါရီ ၁၅ ရက်နေ့ မြို့ရှောင်လမ်းဘေး၌ သွားရောက်စွန့်ပစ်ခဲ့ကြောင်း၊ လက်ရှိတွင် အားစန်းကောနှင့် ၎င်း၏မိခင်မှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသည်။
မဖြူဖြူအေး သေဆုံးမှုနှင့် အလောင်းစွန့်ပစ်ခံရမှု တွင် အာဏာပိုင်များက အခြေခံလုပ်ထုံးလုပ်နည်းများ ကျော်လွန်ကာ အမှုဖုံးကွယ်ခဲ့ကြောင်း မဖြူဖြူအေး၏ မိတ်ဆွေဖြစ်သူက ထောက်ပြသည်။
မဖြူဖြူအေး၏ အလောင်းကို တွေ့ရှိပြီးနောက် အလျင်စလို သဂြိုဟ်ခဲ့ကြောင်း၊ လမ်းဘေးတွင် အလောင်းတွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့နှင့် ကိုလှမိုးနာရေးကူညီမှုအသင်းက မိသားစုထံ အကြောင်းကြားခြင်း မရှိဘဲ ချက်ချင်း သဂြိုဟ်လိုက်မှာ လုပ်ထုံးလုပ်နည်းအရ မိသားစုကို အသိမပေးဘဲ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ တာချီလိတ်ရှိ ကိုလှမိုးနာရေးကူညီမှုအသင်းက နာရေးကူညီမှုတိုင်းကို လူမှုကွန်ရက်ပေါ် တင်လေ့ရှိသော်လည်း မဖြူဖြူအေးကို သဂြိုလ်လိုက်မှုနှင့် အလောင်းတွေ့ရှိမှုကို ၎င်းတို့၏ လူမှုကွန်ရက်ပေါ်တွင် လုံး၀ မတင်သည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။
“ဒီအမှုက စစချင်းမှာတင် တပ်နဲ့ရဲရဲ့ လုပ်ပုံကိုက အလောင်းဖျောက်ဖို့ ကြိုးစားနေသလို ဖြစ်နေတာ။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ညက မဖြူဖြူအေး ဆုံးတာ။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ အလောင်းတွေ့တယ်၊ ဒါကို နာရေးကူညီမှုအသင်းက ဘယ်သူ့ကိုမှ အသိမပေးဘဲ သဂြိုဟ်ပစ်လိုက်တယ်။ မိသားစုက လူပျောက်တိုင်လို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကျမှ ဆုံးသွားပြီ၊ သဂြိုဟ်ပြီးပြီဆိုတာ သိရတာ။ ပုံမှန်ဆို ဒီမြို့က ‘ကိုလှမိုးနာရေးကူညီမှုအသင်း’ က လမ်းဘေးပျံကျ သေတာတောင် ဓာတ်ပုံရိုက်ပြီး အသေးစိပ် သတင်းတင်နေကျ။ ဒီကောင်မလေးကျမှ ဘာလို့ သဂြိုဟ်တာတောင် မသိလိုက်ရတာလဲ။ အခု တရားခံတစ်ယောက် မိပြီဆိုပေမဲ့ အရင်က အမှုဖျောက်ဖို့ ကြိုးစားခဲ့ကြတဲ့ မတရားမှုတွေကိုလည်း အမှုပြန်ပတ်စေချင်တယ်။လူမှုကွန်ရက်နဲ့ အပြင်မီဒီယာတွေကို အကူအညီတောင်းပြီး သတင်းတင်ခိုင်းရလို့သာ အခုလို အမှုပေါ်လာတာပါ။ တကယ်လို့သာ ကျွန်တော်တို့ နှုတ်ပိတ်နေခဲ့ရင် ဒီအမှုက ဒီအတိုင်း ပျောက်သွားမှာ။”ဟု မဖြူဖြူအေး၏ မိတ်ဆွေဖြစ်သူက ရှင်းပြသည်။
မဖြူဖြူအေး သေဆုံး အလောင်းစွန့်ပစ်ခံရမှုအပေါ် တပ်လော်ဘီမီဒီယာများက ဖော်ပြခြင်း မရှိဘဲ CCTV မှတ်တမ်းများကိုလည်း အာဏာပိုင်များက သိမ်းဆည်းထားသောကြောင့် အလောင်းစွန့်ပစ်သည့် တရားခံများကို ထုတ်ဖော်ရန် နှောင့်နှေးခဲ့ကြောင်း သိရှိရသည်။






