ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
ကရင်နီပြည်အတွင်းဖြတ်သန်းစီးဆင်းနေသော သံလွင်မြစ်နှင့် မိုလိုချောင်းရေများတွင် အာဆင်းနစ် အဆိပ်သင့်ပါဝင်မှုမြင့်တက်နေသောကြောင့် သောက်သုံးခြင်းမပြုကြရန် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက သတိပေးချက်ထုတ်ပြန်သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ နှင့် ချင်းမိုင်တက္ကသိုလ် (သဘာဝပတ်ဝန်းကျင် သုသေသန) ဌာနတို့ ပူးပေါင်းကာ ကရင်နီ ပြည်အတွင်း ဖြတ်သန်းစီးဆင်းနေသော သံလွင်မြစ်အထက်ပိုင်း (ရှမ်း-ကရင်နီနယ်စပ်) ၊ သံလွင်မြစ် အလယ်ပိုင်းနှင့် သံလွင်မြစ်အောက်ပိုင်း (ကရင်နီ-ကရင်/ကော်သူးလေ နယ်စပ်) များတလျှောက် ၁၀ နေရာနှင့် မိုလိုချောင်း ၁ နေရာတို့မှ မြစ်ရေနမူနာများ ရယူကာ ဓါတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ထိုသို့ဓါတ်ခွဲစစ်ဆေးချက်များအရ အာဆင်းနစ် (Arsenic) အဆိပ် ပါဝင်မှုသည် နိုင်ငံတကာစံနှုန်း ဖြစ်သော ရေတွင်ပါဝင်မှု ပမာဏ (၀.၀၁) mg/L အထက် (၀.၀၄၂) mg/L မှ (၀.၀၉၆) mg/L အ တွင်းတွင် ရှိနေကြောင်း၊ ထို့အတူ မိုလိုချောင်းရေ ဓါတ်ခွဲ စစ်ဆေးချက်အရ အာဆင်းနစ်အဆိပ်ပါ ဝင်မှုသည် နိုင်ငံတကာစံနှုန်းဖြစ်သော ရေတွင်ပါဝင်မှု ပမာဏ (၀.၀၁) mg/L အထက် (၀.၅၅၃) mg/L အတွင်းတွင် ရှိနေကြောင်း သိရသည်။
“အာဆင်းနစ်ပါဝင်မှုက သဘာဝကိုက သတ္တုတွေထဲမှာ ကျောက်တွေထဲမှာ ရှိနေပြီးသားပါ။ အဲဒီ ကျောက် တွေ၊ သတ္တုတွေက ထုတ်လုပ်တဲ့အချိန်မှာ အဲဒီကနေ ရေထဲမှာဖြစ်စေ၊ လေထဲမှာဖြစ်စေ ပျော်ဝင်သွားနိုင်တယ်၊ မဟုတ်လည်းလွင့်ပါးသွားနိုင်တယ်။ နောက်တစ်ခု အခုကျနော်တို့ သိရတာက ရွှေလုပ်ငန်း တွေ ၊ ခဲလုပ်ငန်းတွေ၊ နောက်ပြီးတော့ မြေရှားပေါ့၊ အဲဒီလုပ်ငန်းတွေမှာ သုံးတဲ့ဓာတ်တွေ ကြောင့် အာဆင်းနစ်က ပိုပြီးတော့မြင့်တက်တယ်။ အဲဒီကနေ ချောင်းထဲ၊ မြောင်းထဲကို တဆင့်ဆင်းပြီး တော့ ချောင်းထဲမြောင်းထဲမှာ ရောနှောပါသွားတာ။ ကျနော်တို့ပြောလို့ရတာက သတ္တုလုပ်ငန်းတွေ၊ ရွှေလုပ်ငန်းတွေ မြေရှားလုပ်ငန်းတွေကနေတဆင့် အာဆင်းနစ်အဆိပ်အတောက်တွေပါဝင်မှု များ နိုင် တယ်၊ နောက်တစ်ခုက သဘာဝအရကိုက ကျောက်တွေ၊ သတ္တုတွေထဲမှာ သဘာဝကိုက ရှိနေပြီး သား အာဆင်းနစ်ဓာတ်တွေက ထုပ်လုပ်မှုက ချောင်းထဲမြောင်းထဲရောက်ရှိသွားတာဖြစ်နိုင်ပါတယ်။” ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ အထွေထွေအတွင်းရေးမှူး – ၂ ဗညားခွန်းအောင် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့ကြောင့် သံလွင်မြစ်ရေနှင့် မိုလိုချောင်းရေအတွင်း ပါဝင်နေသော အာဆင်းနိအဆိပ်ရေပမာဏ သည် ကျန်းမာရေးကို ထိခိုက်နိုင်သော အဆိပ်ရေပမာဏ ၄ ဆမှ ၅၅၃ ဆ အထိ ပါဝင်မှု မြင့်မား နေသည်ဟု ဆိုသည်။
အာဆင်းနိအဆိပ်သင့်ရေအား တိုက်ရိုက်သောက်သုံးခြင်း၊ ချက်ပြုတ်ရာတွင်အသုံးပြုခြင်း၊ ဆန်စပါး နှင့် သီးနှံ စိုက်ပျိုးရေးတို့တွင် သုံးစွဲခြင်း၊ အဆိပ်သင့်ရေအတွင်းရှိ ရေနေသတ္တဝါများကို စားသုံးခြင်း ၊ အဆိပ်သင့်ရေအား ထိတွေ့အသုံးပြုခြင်း စသည်တို့သည် ရေတိုတွင် မူးဝေခြင်း၊ ပျို့အန်ခြင်း၊ ဗိုက် နာခြင်း၊ ဝမ်းလျှောခြင်း၊ ကြွက်တက်ခြင်း စသည်တို့ကို ခံစားစေနိုင်ကြောင်း သိရသည်။
အလားတူ ရေရှည်တွင် အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ အရေပြားကင်ဆာများ၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ နှင့်အာရုံကြောဖွံ့ဖြိုးမှု ဆိုင် ရာရောဂါများကြောင့် ကလေးသူငယ်များတွင် မှတ်ဉာဏ် ထိခိုက်စေခြင်းများ ဖြစ်ပွားစေနိုင်ဟု ဆို သည်။
ထို့အတွက်ကြောင့် သံလွင်မြစ်ရေနှင့် မိုလိုချောင်းမှ ရေများအား တိုက်ရိုက်သောက်သုံးခြင်းနှင့် ချက် ပြုတ်ရာတွင် သုံးစွဲခြင်း မပြုရန်၊ အကြောင်းကြောင်းကြောင့် သံလွင်မြစ်ရေနှင့် မိုလိုချောင်းရေတို့ အား ထိတွေ့ကိုင်တွယ်ပြီးပါက သန့်စင်သောရေဖြင့် ပြန်လည်ဆေးကြောရန်၊ သံလွင်မြစ်အတွင်းမှ ရေနေသတ္တဝါများ (ငါးအမျိုးမျိုး၊ ခရု၊ ပုဇွန်၊ ပုဇွန်လုံး၊ လိပ် စသဖြင့်) တို့အား ချက်ပြုတ် စားသောက် ခြင်းမပြုရန်နှင့် မဖြစ်မနေ စားသောက်လိုပါက ဦးခေါင်းနှင့် အတွင်းကလီစာ များကို စားသုံးခြင်းမပြု ရန်၊ မိုလိုချောင်းအတွင်းမှ မည်သည့်ရေနေသတ္တဝါများကိုမဆို လုံးဝ (လုံးဝ) စားသောက် ခြင်းမပြုရန် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။
ယခု အသိပေးတိုက်တွန်းနှိုးဆော်ချက်ကို ထပ်မံပြင်ဆင်သည့် အသိပေးတိုက်တွန်းနှိုးဆော်ချက် တစ် စုံတစ်ရာ မထုတ်ပြန်မချင်း အတည်ဖြစ်ပြီး အများပြည်သူအနေဖြင့် လိုက်နာကြရန်နှင့် ကျန်းမာရေး ဆိုင်ရာ အစီအမံများအတိုင်း ပူးပေါင်းပါဝင်ပေးပါရန် တိုက်တွန်း နှိုးဆော်ထားသည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီသည် အများပြည်သူ၏ ကျန်းမာသန်စွမ်းသော လူမှု ဘဝ ခံစားစေနိုင်ရန်အတွက် ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ ကျန်းမာရေး အင်အားစုများ၊ ဌာနဆိုင် ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပညာရပ်ပိုင်း ဆိုင်ရာ လူပုဂ္ဂိုလ်တို့ နှင့် ပူးပေါင်း၍ ပြည်နယ်အတွင်းရှိ ရေနမူနာများ၊ စိုက်ပျိုးသီးနှံနမူနာများ၊ ရေနေသတ္တဝါနမူနာများ၊ မြေနှင့် မြေဆီလွှာများအား ကောက်ယူခြင်း၊ ဓါတ်ခွဲစမ်းသပ်ခြင်းနှင့် ထိန်းချုပ်ခြင်း စသည့် လုပ်ငန်း စဉ်များကို ချမှတ်အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
“၂၀၂၅ နိုဝင်ဘာလထဲမှာ ထိုင်းဘက်ခြမ်းက သံလွင်မြစ်ရေစီးဆင်းမှုမှာ အာဆင်းနစ်အဆိပ်ပါဝင်မှု စစ် ဆေးတယ်၊ အကုန်လုံး သုံးကြိမ်လေးကြိမ်လုပ်ထားပြီးပြီ၊ သံလွင်မြစ်ထဲ အာဆင်းနစ်ဓာတ်တွေ မြင့်နေ တယ်ဆိုတော ထောက်ပြတာ၊ ထိုင်းတွေရဲ့စမ်းသပ်မှုအရ ၂၀၂၄ ခုနှစ်နှစ်လယ်ပိုင်းလောက်က တည်း က သံလွင်မြစ်မှာ အာဆင်းနစ်ဓာတ်တွေ မြင့်နေတယ်ဆိုတာ ထောက်ပြတာရှိတယ်။အဲဒါကြောင့် ကျ နော် တို့ကလည်း ချင်းမိုင်ယူနီဗာစတီနဲ့ပေါင်းပြီးတော့မှ နည်းပညာတွေ၊ အချက်အလက် တွေယူပြီး ရေနမူနာယူပြီးတော့ ချင်းမိုင်မှာသွားပြီးတော့ စစ်ဆေးတာတွေလုပ်ခဲ့ပါတယ်။ ၊ အဲဒီမှာ သံလွင်မြစ် တောက်လျှောက် ရှမ်း-ကရင်နီနယ်စပ်မှာလည်း အာဆင်းနစ်ဓာတ်ပါဝင်မှုက ၄ ဆကနေ ၉ ဆကြား ပါ ဝင် နေတာကို နေရာအသီးသီးမှာတွေ့ရတယ်။ နောက်ပြီးတော့ မိုလိုချေင်းမှာလည်း ပမဏ အရမ်း မြင့်တာ ကိုလည်းတွေ့ရတယ်။” ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီအ ထွေထွေအ တွင်းရေးမှူး – ၂ ဗညားခွန်းအောင်က ပြောဆိုသည်။




