ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ကို အကြမ်းဖက် စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Infinity Group မှ တာဝန်ရှိသူနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ကို Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
“သဖန်းဆိပ်ဆည်က စစ်ခွေးတွေ အကြိမ်ကြိမ် ဗုံးလာကျဲနေလို့ ပြည်သူတွေလည်း တိမ်းရှောင်နေတာကြာပြီ ဒီနေ့ ဗုံးကျဲသွားတာတော့ ထိခိုက်တာ မရှိဘူးလို့တော့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်သော Jet Fighter ၁ စီးနှင့် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၃ စီးက ကျွန်းလှမြို့နယ် အနောက်ခြမ်းရှိ သဖန်းဆိပ်ဆည်အနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က နေအိမ်၊ ဈေးဆိုင်နှင့် ဆန်စက်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ခင်ဦးမြို့နယ် မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံ၌ အထိုင်ချ တပ်စွဲထားသော ဗိုလ် ကျော်ကိုကို ဦးဆောင်သည့် အင်အား ၄၀ ခန့်ပါ စစ်ကြောင်းသည် သံပြားများကာကားဖြင့် စစ်ကြောင်းထိုးလာပြီ ခင်ဦးမြို့အနီး ခင်ဦး-ရေဦး ကားလမ်းရှိ ပြည်သူပိုင် နေအိမ် ၅ လုံး၊ ဆိုင်ခန်းဖွင့်လှစ်ထားသော နေအိမ် ၂ လုံးနှင့် ဆန်စက်အကြီး ၂ လုံး စုစုပေါင်း ၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ မီးရှို့နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ကျောက်ကိုကိုဦး သေဆုံးခဲ့ပြီး MA-1 သေနတ် ၁ လက် သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။






