ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Mon State Revolutionary Force – MSRF အဖွဲ့ မှတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၈ နာရီခန့်တွင် ရေးမြို့နယ်၊ ခေါဇာဈေးကြီးရှေ့၌ ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ပွဲသည် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ဒဏ်ရာရတဲ့ ၂ ယောက်ထဲမှာ တစ်ယောက်က အပြင်းအထန် ဒဏ်ရာရထားပါတယ်။ စစ်ခွေး ၂ ဦးက နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ တော်လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Mon State Revolutionary Force – MSRF အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ညီနောင်တပ်ဖွဲ့များဖြစ်သော မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်ပြည်တော်လှန်ရေးတပ် (MSRF)နှင့် နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း/အမှတ် (၈၀၀၂) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
အလားတူ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း ရေးမြို့နယ်၊ မော့ကနင်ကျေးရွာ အခြေစိုက် ခလရ ၁၀၆ တပ်ရင်းမှ အင်အား ၁၅၀ ခန့်ဖြင့် ထွက်လာသော စစ်ကြောင်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ၂ ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။




