28 C
Yangon

အစိုးရအကူးအပြောင်းကာလကို အခွင့်ကောင်းယူ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး သန်းဆွေဝင်း အကြီးအကျယ် လာဘ်စားနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

စစ်တပ်က ခန့်အပ်ထားသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးအကဲ သန်းဆွေဝင်းက မကြာမီ ဖြစ်ပေါ်လာတော့မည့် အစိုးရအပြောင်းအလဲကာလကို အခွင့်ကောင်းယူကာ အကြီးအကျယ် လာဘ်စားမှုများ ပြုလုပ်နေကြောင်း တောင်ကြီးမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာ သတင်းရင်းမြစ်များက ပြောကြားလိုက်သည်။

စစ်တပ်က ၎င်းတို့ကျင်းပသည့် ရွေးကောက်ပွဲမှတစ်ဆင့် မတ်လတွင် လွှတ်တော်ခေါ်ယူရန်နှင့် ဧပြီလအတွင်း အာဏာလွှဲပြောင်းရန် ပြင်ဆင်နေချိန်တွင်သန်းဆွေဝင်းသည် ကိုယ်ကျိုးရှာမှု အဆိုးရွားဆုံး ပြုလုပ်နေကြောင်း သိရသည်။

လက်ရှိ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှာ အစိုးရအသစ်တက်လာချိန်တွင် ရာထူးမှ နုတ်ထွက်ရမည်ဖြစ်သော်လည်း သန်းဆွေဝင်းမှာမူ အစိုးရဝန်ထမ်းဖြစ်၍ နောင်တက်လာမည့်အစိုးရသစ်တွင်လည်း ဆက်လက်ပါဝင်နေမည်ဖြစ်သဖြင့် ၎င်းကိုယ်တိုင် လုပ်ပိုင်ခွင့်အရှိဆုံးပုဂ္ဂိုလ်အဖြစ် ပုံဖော်ကာ လုပ်ချင်တိုင်း လုပ်နေခြင်းဖြစ်ကြောင်း ဌာနဆိုင်ရာ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

“သူက ထွေအုပ်မင်းကြီးရော၊ ပြည်နယ်အစိုးရ အတွင်းရေးမှူးရော တွဲကိုင်ထားတာ။ ဝန်ကြီးချုပ်တွေ ထွက်ရတော့မယ့် အချိန်မှာ သူကပဲ အာဏာအရှိဆုံးဆိုတဲ့ပုံစံနဲ့ လုပ်စားနေတာ” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

သန်းဆွေဝင်းသည် တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအနီးရှိ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ ၂ ဧကခန့်ကို လျှပ်စစ်ကား (EV) အားသွင်းစင်တာ တည်ဆောက်ရန်ဟူသော အကြောင်းပြချက်ဖြင့် ရယူခဲ့သည်။

သို့သော် အဆိုပါ စီမံကိန်းကို လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီမှာသန်းဆွေဝင်း၏ သားမက်ဖြစ်သူ ဒေါက်တာကြည်မင်းကိုကို ပိုင်ဆိုင်သည့် “Shan Cherry Infotech Solution” ကုမ္ပဏီဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။

သန်းဆွေးဝင်သည် ရာထူးအဆင့်အရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်ရှိသူဖြစ်သဖြင့် ပြည်နယ်အတွင်းရှိ ညွှန်ကြားရေးမှူး အဆင့်ရှိသည့် ဌာနဆိုင်ရာ အကြီးအကဲများက မပြောရဲ၊ မဆိုရဲဖြစ်နေကြကြောင်း သိရသည်။

သန်းဆွေဝင်းသည် ရှမ်းပြည်နယ်သို့ ရောက်ရှိလာသည်မှာ တစ်နှစ်ခန့်သာ ရှိသေးသော်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ပိုင်ခွင့်များကို အသုံးပြုကာ လာဘ်မပေးသည့် လုပ်ငန်းရှင်များနှင့် ပြည်သူများကို အကြောင်းအမျိုးမျိုးပြ၍ နှိပ်ကွပ်လေ့ရှိကြောင်းလည်း သတင်းထွက်ပေါ်နေသည်။

သန်းဆွေဝင်းသည် ယခင်က ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့တွင်လည်း အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူတစ်ဦး ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article