ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
အကြမ်းဖက်စစ်တပ် ကျောထောက်နောက်ခံပေးထားသော ကြံ့ဖွတ်ပါတီအတွင်း ပုဂ္ဂိုလ်ရေးခင်မင်မှုနှင့် စစ်တက္ကသိုလ်အပတ်စဉ်ကို ပြော၍ ရာထူးတောင်းယူမှုများ ဖြစ်ပွားနေကြောင်း ကြံ့ဖွတ်ပါတီ၏ ဗဟိုကော်မတီဝင် ဘူးလက် လှဆွေက ပြောဆိုလိုက်သည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ လူမှုကွန်ရက်များမှတစ်ဆင့် အကြမ်းဖက် ဘူးလက်လှဆွေက ယင်းသို့ ပြောဆိုလာခြင်းဖြစ်သည်။
ကြံ့ဖွတ်ပါတီအတွင်း နောက်ပိုင်းမှ ဝင်ရောက်လာသူများက မည်သူနှင့်တစ်ပတ်စဉ်တည်းပါဟု ပြော၍ နေရာတောင်းမှုများ ရှိလာနေကြောင်း၊ ရှေ့တန်းတွင် ရွပ်ရွပ်ချွံ့ချွံ့ ပါတီအတွက်ရပ်တည်ချိန်က ယင်းလူများမှာ ဂူအောင်းနေခဲ့ကြပြီး ယခုအခါမှသာ ရာထူးနှင့်နေရာတောင်းလာကြောင်း သူက ဆိုသည်။
“တချို့က အခုမှ ဝင်လာတယ်။ ကျနော်တို့ ရှေ့တန်းမှာ ရွပ်ရွပ်ချွံ့ချွံ့ လုပ်နေတဲ့အချိန်မှာ ဒီလူတွေ ဂူအောင်းနေတာ။ အခုကျမှ ဝင်လာပြီးတော့ ကျနော်က ဘယ်သူနဲ့ တစ်ပတ်စဉ်တည်းပါ ဘာရာထူးပေးပါဆိုတာတွေ လာပြောနေတာ တော်တော်ရီရတယ်။ တချို့က အခုမှ ဝင်လာပြီးတော့ ကျနော်တို့ ရှေ့တန်း ရွပ်ရွပ်ချွံ့ချွံ့ တိုက်နေတုန်းက ဂူအောင်းနေပြီးတော့ အဲဒီတုန်းက ကြံ့ခိုင်ရေး ပုဆိုးအစိမ်း ဝတ်ရမှာကို ကြောက်နေတဲ့လူတွေက အခု ဟိုနေရာလိုချင်၊ ဒီနေရာလိုချင်ဖြစ်နေတယ်လို့ ကျနော် သတင်းကြားတယ်။ ရှက်စရာကြီး” ဟု အကြမ်းဖက် ဘူးလက်လှဆွေက ပြောဆိုသည်။
ကြံ့ဖွတ်ပါတီ၏ နေပြည်တော်နယ်မြေဥက္ကဋ္ဌ ဘူးလက်လှဆွေက ရွေးကောက်ပွဲတွင် နေပြည်တော် ပုဗ္ဗသီရိမြို့ နယ် မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူဖြစ်သည်။
ကြံ့ဖွတ်ပါတီအတွင်းတွင် ရာထူးနေရာ ခွဲဝေယူမှုများနှင့်ပတ်သက်၍ ဗဟိုအလုပ်အမှုဆောင် ကော်မတီမှ လွဲ၍ မည်သူကမှ တိကျစွာ သိရှိကြခြင်းမရှိသေးဘဲ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်များပင်လျှင် အကန့်အသတ်ဖြင့်သာ သတင်းအချက်အလက်ကို သိရှိကြကြောင်း၊ အစိုးရသစ် ဖွဲ့စည်းရေး ကိစ္စများကို မင်းအောင်လှိုင်က တိုက်ရိုက်ချုပ်ကိုင် စီမံခန့်ခွဲနေကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
“ဘယ်သူက ဘယ်နေရာ ဘာရာထူး ယူမယ်ဆိုတာက အတိအကျကြီးတော့ မသိကြသေးဘူး။ ခန့်မှန်းပြီး ပြောတာ ဆိုတာပဲရှိပါတယ်။ အဓိက လက်ရှိ တပ်မတော် ခေါင်းဆောင်ကပဲ စီမံလုပ်နေတာ။ ဘယ်သူက ဘယ်နေရာဆိုတာမျိုးကြီး အတိအကျကြီးက မသိရသေးဘူး။ ဘယ်သူကတော့ ဘယ်နေရာ ဖြစ်နိုင်တယ်ဆိုတာမျိုး မှန်းဆကြတာပေါ့။ ပါတီ စီအီးစီမှာလည်း အကန့်အသတ်နဲ့ပဲ သိခွင့်ရတဲ့ သဘောမျိုးလို့ ပြောလို့ရတယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ဆိုသည်။
ရိုက်တာသတင်းဌာနကမူ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးကို ရယူမည်ဟု ရေးသားဖော်ပြထားသည်။




