ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
မန္တလေးတွင် ငလျင်ကြောင့် အိမ်ပြိုသူများအနေဖြင့် ထောက်ပံ့ကြေးနှင့်အိမ် ဆောက်ပစ္စည်းများ ရယူလျှောက်ထားသူတိုင်း တစ်အိမ်လျှင် ငွေကျပ် ၇ သိန်းကျော်အဖြစ် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ထံ လာဘ်ပေးနေရကြောင်း ငလျင်ဘေးသင့်ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် စိန်ပန်း ၁၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး သူရမြင့်ဇော်က ငလျင်ဘေးသင့်ထောက်ပံ့ငွေများ ရရှိမည်ဟု မက်လုံးပေးကာ အိမ်ပြိုသွားသော ရပ်ကွက်နေပြည်သူများထံမှ “ထောက်ပံ့ငွေ လျှောက်လွှာတင်ပေးခ” အဖြစ် တစ်အိမ်လျှင် ငွေကျပ် ၇ သိန်းခွဲအထိ လိုက်လံကောက်ခံနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစတင်၍ အုပ်ချုပ်ရေးမှူး သူရမြင့်ဇော်သည် ၁၈ ရပ်ကွက်အတွင်းရှိ ငလျင်ကြောင့် နေအိမ်ပျက်စီးသွားသော အိမ်ပိုင်ရှင်များထံမှ ငွေကြေးများ လိုက်လည်ကောက်ခံခဲ့ကြောင်း၊ အိမ်ပြိုသွားသော နှစ်ထပ်တိုက်အိမ်တစ်အိမ်လျှင် ထောက်ပံ့ကြေး ရရှိရန် လျှောက်လွှာတင်ပေးခ တစ်အိမ်လျှင် ငွေကျပ် ၆ သိန်း၊ ငလျင်ကြောင့် ပြိုကျသွားသော RC တိုက်အိမ် တစ်အိမ်လျှင် ငွေကျပ် ၇ သိန်းခွဲ ကောက်ခံသွားကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့ငွေတင်ပေးခကို ပေးဆောင်ပါက အကြမ်းဖက်စစ်ကောင်စီထံမှ ငလျင်ထောက်ပံ့ငွေများ ပြန်လည်ရရှိမည်ဖြစ်ကြောင်း၊ ငလျင်ကြောင့် ပြိုကျသွားသော နှစ်ထပ်တိုက်အိမ်တစ်လုံးလျှင် ထောက်ပံ့ကြေး ငွေကျပ် သိန်း ၁၆၀၊ RC တိုက်အိမ်တစ်လုံးလျှင် ငွေကျပ် သိန်း ၂၇၀ ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ငလျင်ထောက်ပံ့ငွေရရှိရန် တင်ပေးခများ ပေးဆောင်ထားသူအချို့က ထောက်ပံ့ကြေးမရရှိသည့်အတွက် မိမိတို့ပေးထားသည့် ငွေများကို ပြန်လည်တောင်းခံရန် ၁၈ ရပ်ကွက်ရုံးသို့ သွားရောက်ခဲ့ကြကြောင်း၊ ထိုသို့သွားရောက်တောင်းခံသည့်အခါ အမျိုးသမီးများကို အုပ်ချုပ်ရေးမှူး သူရမြင့်ဇော်က “–သတ်ပစ်မယ်” ဟု ရိုင်းစိုင်းစွာ ခြိမ်းခြောက်ပြောဆိုသည့်အပြင် “ကြိုက်သည့်နေရာတွင် တိုင်ကြားနိုင်သည်” ဟုပါ မောက်မာစွာ ပြောဆိုခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် ရပ်ကွက်အတွင်း ငလျင်ထောက်ပံ့ကြေး လျှောက်ထားလိုသူများထံမှ စာရင်းများဖြင့် ငွေကြေးများ လိုက်လံကောက် ခံနေသည်မှာ ၃ ရက်ခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်။




