28 C
Yangon

မြောင်းမြမြို့နယ်၊ ကြံ့ဖွတ်ခင်ရီ၏ ဇာတိကျေးရွာတွင် ဗုဒ္ဓရုပ်ပွားဆင်းတုတော် တွေ့သည့်နေရာမှ ရွှံ့ရေများကို သောက်သုံးပါက ရောဂါပျောက်သည်ဟုဆိုကာ ကြံ့ဖွတ်ပါတီဝင်များက ရေစုပ်စက်ဖြင့် ရေများ သွင်းယူရောင်းချနေပြီး လာရောက်ဝယ်ယူသူများဖြင့် ကြိတ်ကြိတ်တိုးနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီ၏ ဇာတိကျေးရွာရှိ လယ်ယာမြေကွက်တစ်ခုအတွင်း ဗုဒ္ဓရုပ်ပွားဆင်းတုတော် တစ်ဆူတွေ့ရှိခဲ့ပြီး ယင်းတွေ့ရှိသည့်နေရာမှ ရွှံ့ရေများကို သောက်သုံးပါက ရောဂါပျောက်ကင်းသည်ဟုဆိုကာ ကြံ့ဖွတ်ပါတီဝင်များက ရောင်းချနေသဖြင့် လာရောက်ဝယ်ယူသူ အလွန်များပြားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မြောင်းမြမြို့နယ်၊ ကျွန်းထိပ်ကျေးရွာရှိ ဒေါ်သန်းအေးပိုင်လယ်မြေ၌ စပါးခင်းသို့ ရေသွင်းရန် ရေမြောင်းတူးစဉ် ဗုဒ္ဓရုပ်ပွားဆင်းတု တစ်ဆူကို တူးဖော်တွေ့ရှိခဲ့ကြောင်း၊ ထို ဆင်းတုတော်ကို မြို့နယ်နှင့် တိုင်းမှ ရဲနှင့် ရှေးဟောင်း သုတသနဌာနမှ ဝန်ထမ်းများက လာရောက် စစ်ဆေးခဲ့ပြီး နှစ်ပေါင်း ၄၀၀ ကျော်ခန့်က ရှေးဟောင်း ရုပ်ပွားဆင်းတုတော်တစ်ဆူဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

မြောင်းမြမြို့နယ်၊ ကျွန်းထိပ်ကျေးရွာမှာ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီ၏ ဇာတိ မွေးရပ်မြေကျေးရွာဖြစ်ကြောင်း ၊ဘုရားဆင်းတုတော် တွေ့ရှိသည့် နေရာသည်လည်း ခင်ရီနှင့် အမျိုးတော်စပ်သူ၏ လယ်ကွင်းထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကာ ကြံ့ဖွတ်ပါတီက စိုးမိုးထားသော ကျေးရွာဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ရုပ်ပွားတော် တွေ့ရှိပြီးနောက် ကျွန်းထိပ်ကျေးရွာမှ ကြံ့ဖွတ်ပါတီဝင်များက ဘုရားတွေ့ရှိသည့်နေရာကို ခြံခတ်ပြီး ယင်းနေရာမှ ရွှံ့ရေများကို သောက်သုံးပါက ရောဂါပျောက်ဆုံးသည်ဟုဆိုကာ ရောင်းချနေခြင်းဖြစ်ပြီး လာရောက်ဝယ်ယူသူများလည်း အလွန်များပြားနေကြောင်း၊ ထိုရေများသည် စပါးစိုက်ချိန် လယ်ယာမြေအတွင်း ပိုးသတ်ဆေးများနှင့် ရောနှောနေပြီး သောက်သုံးရန်မသင့်သော ရေများဖြစ်သည်ဟု ရွာဦးကျောင်းထိုင် ဆရာ တော်က သွားရောက်တားမြစ်ခဲ့သော်လည်း ဘာသာရေးအယူသီးသူများက ဆက်လက်သောက်သုံးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ရေများရောင်းချနေခြင်းကိုလည်း အကြမ်းဖက် စစ်တပ်က လာရောက်တားမြစ်ခြင်းမရှိကြောင်း၊ မြို့နယ် ကျန်းမာရေးဝန်ထမ်းများကလည်း လာရောက်ပြောဆိုခြင်းမရှိဘဲ ဆက်လက် ရောင်းဝယ်နေကြပြီး သောက်သုံးသူများလည်းရှိကြောင်း သိရသည်။

“မြောင်းမြမြို့နယ်၊ ကျွန်းထိပ်ကျေးရွာမှာ လယ်ရေဖောက်ရင်း ဘုရားဆင်းတုတော်တစ်ဆူ တူးဖော်ရရှိခဲ့တယ်။ ဘုရားဆင်းတုတော်ကို ယာယီစံကျောင်းဆောက်လုပ်ပြီး အပူဇော်ခံထားတာ လာရောက်ဖူးမျှော် သူတွေလည်း အလွန်များပြားနေတယ်။ နောက်ပြီး ဘုရားပေါ်တဲ့ နေရာက ရေကိုလည်း ရောဂါပျောက်ကင်းတယ်ဆိုပြီး အလုအယက်သောက်သူတွေ များပြားနေတယ်။ ဘယ်လောက်တောင်များလည်းဆိုရင် ရေတောင်ကုန်သွားလို့ မြစ်ထဲကရေကို စက်နဲ့ သွယ်ယူပြီး ပြန်ဖြည့်ရတဲ့ အခြေအနေပဲ အဲတာကို ကြံ့ဖွတ်တွေက ရောင်းစားနေတာ အဲရေက သောက်သုံးဖို့ လုံးဝ မသင့်တဲ့ရေတွေ စပါးစိုက်ချိန်ဆိုတော့ ပိုးသတ်တွေကော ရောနေတဲ့ ရေတွေ နောက်ပြီး မြစ်ထဲကရေတွေကလည်း နာဂစ်ပြီးချိန်မှစ၍ အနည်အနှစ်တွေနဲ့ ဆိုတော့ သောက်သုံးဖို့ လုံးဝမဖြစ်နိုင်တဲ့ ရေတွေပါ။ ရေတွေမယူဖို့နဲ့ မသောက်ဖို့ ရွာဦးကျောင်းထိုင်ဆရာတော်က သွားတားလည်း မရဘူး။ ဘာသာရေးအယူသီးသူတွေက ဆက်သောက်သုံးနေတာပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article