ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စမူပါကန် ခရိုင် ဗိုလ်ကျောက် စွယ်ပီတာအနီးရှိ ကားပစ္စည်းစက်ရုံတွင် မြန် မာ အလုပ်သမားများထံမှ စက်ရုံက သက်တမ်းတိုးရန် ငွေ အဆမတန်ကောက်ယူခဲ့သော်လည်း သက် တမ်းတိုးအလုပ်လုပ်ခွင့် ၁ နှစ်သာ ရရှိခဲ့၍ အလုပ်သမားများက ဆန္ဒပြကြကြောင်း သိရှိရသည်။
အလုပ်သမားများဘက်မှ သက်တမ်းတိုးငွေ အဖြစ် တစ်ဦးလျှင် ထိုင်းဘတ် ၈၀၀၀ စီ စက်ရုံက ကောက်ယူခဲ့ပြီး ပုံမှန်ဆိုလျှင် သက်တမ်းတိုးမှာ ၂ နှစ် ကာလရရှိရမည်ဖြစ်ကြောင်း၊ သို့ရာတွင် သက်တမ်းတိုးအလုပ်လုပ်ခွင့် ၁ နှစ်သာ ရရှိခဲ့ကြောင်း ၊ ထို့ကြောင့် အလုပ်သမားများ စုပေါင်း၍ အဆိုပါ ကိစ္စကို ဖြေရှင်းပေးရန် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရှိရသည်။
“ပုံမှန် ၂ နှစ်ရရမှာ။ သူတို့ဘက်က ဘာမှ ဖြေရှင်းမှု မပေးဘူး။ မြန်မာခေါင်းဆောင် ၂ ဦးရှိတယ် သူတို့ကို ပြောတော့လည်း ဖြေရှင်းမပေးဘဲ မဟာချိုင်က သူဌေးနဲ့ ပြောရမယ် ပြောတယ် ။ အဲဒီ သူဌေးနဲ့လည်း မတွေ့ရဘူး။ အလုပ်လုပ်တာ နှစ်တွေကြာပြီ ခုထိ မတွေ့ဖူးဘူး။ အလုပ်သမားခေါင်းဆောင်တွေပဲ တွေ့ဖူးတယ်”ဟု အဆိုပါ စက်ရုံမှ အလုပ်သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လတ်တလောတွင် အလုပ်သမားများဘက်မှ မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား ဖြေရှင်းပေးရန် တောင်းဆိုထားပြီး မတ်လ ၁၅ ရက်နေ့ထိတိုင် ဖြေရှင်းမပေးပါက အလုပ်သမားအရေးကူညီပေးနေသည့်အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ ဥအဒေအတိုင်းဖြစ်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။
“သူတို့ဘက်က မဖြေရှင်းဘူးဆိုရင် အေအေစီ ကိုရဲမင်းတို့ အဖွဲ့လို အလုပ်သမားအဖွဲ့ အစည်းတွေကို တိုင်ဖို့ရှိတယ်။ပြီးတော့ စက်ရုံက မနှစ်ကလည်း သက်တမ်းတိုးတွေ မတန်မရာတောင်းလို့ ကျွန်တော်တို့တွေ မပေးနိုင်လို့ ပြဿနာ ဖြစ်ဖူးပါတယ်။ ဒီစက်ရုံမှာက အလုပ်သမားတွေကို ကိုယ့်ဘာသာ သက် တမ်းတိုးခွင့်မပေးဘူး ကိုယ့်ဘာသာတိုးချင် အလုပ်ထွက်ဆိုပြီး လုပ်တာ”ဟု အဆိုပါ စက်ရုံမှ အလုပ် သမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။
လက်ရှိ အဆိုပါ စက်ရုံတွင် မြန်မာအလုပ်သမား ၃၀၀ ကျော် ၄၀၀ နီးပါး အလုပ်လုပ်ကိုင်နေပြီး စက်ရုံဘက်မှ အလုပ်သမားများ၏ သက်တမ်းတိုးခြင်း ကိစ္စများတွင် အဆမတန်ငွေကြေးကောက်ခံ၍ ဖြတ်စားခြင်းနှင့် ကြုံတွေ့နေကြောင်း သိရှိရသည်။






