28 C
Yangon

ငါန်းဇွန်နှင့် သရက်ချောင်းမြို့နယ်တို့တွင် စစ်တပ်က ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်နှင့် မြင်းခြံမြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်နှင့် မြင်းခြံမြို့နယ် အစပ်ရှိ ကျွဲဇိမ်ကျေးရွာ၌ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွာစိုက်ကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို ဗုံးကျဲတိုက်ခိုက်မှုအတွင်း ရွာစိုက်ကျေးရွာတွင် နေထိုင်သော အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်ကလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပေါက်စိမ်းကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၁ ဦးမှာလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“မနက်၈နာရီလောက်က ကျွဲဇိမ်ရွာ ရောက်နေတဲ့ စစ်ခွေး စစ်ကြောင်းက ရွာစိုက်ရွေဘက် ဒရုန်းချတာ အမျိုးသား ၁ ဦး သေတယ်။ အဲ့စစ်ကြောင်းကပဲ လက်နက်ကြီးနဲ့ ပေါက်စိမ်းရွာဘက် လှမ်းပစ်တာ ပေါက်စိမ်းရွာက အမျိုးသမီး ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်။ ခြေဖြတ်ရမယ် ကြားတယ်။ ငါန်းဇွန်-မြင်းခြံမြို့နယ်အစပ်ကို စစ်ခွေးတွေ စစ်ကြောင်းထိုးနေတာ” ဟု မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကုန်ကားနှင့် ဆိုင်ကယ်တို့ကို ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ထားဝယ်မြို့မှ သရက်ချောင်းမြို့ဘက်သို့ ကြက်စာများတင်ဆောင်လာသည့် ခြောက်ဘီးကုန်တင်ယာဉ် ၁ စီးကို သရက်ချောင်းမြို့နယ်၊ ပန်းပြင်ကျေးရွာအနီးအရောက်၌ အကြမ်းဖက် စစ်တပ်က လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှုအတွင်း ထားဝယ်မြို့နယ်၊ အိမ်ရှေ့ပြင်ရပ်ကွက်တွင် နေထိုင်သော ယာဉ်မောင်းဖြစ်သူ အသက် ၃၉ နှစ်အရွယ် ဦးကျော်မင်းစိုးမှာ ကျည်ထိမှန်ဒဏ်ရာများဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကာ ကားပေါ်ပါလာသော အသက် ၃၀ အရွယ် ဦးစောတေးတေးဖိုးနှင့် အသက် ၂၃ နှစ်အရွယ် ကိုခန့်ဇင်နိုင်တို့ ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိပြီး ထားဝယ်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသနေရကြောင်း သိရရှိသည်။

အလားတူ ယင်းနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်ကလည်း သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာမှ ညောင်ဇင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာသည့် အသက် ၂၂ နှစ်အရွယ် ကိုပိုက်အောင်ကိုလည်း အကြမ်းဖက် စစ်တပ်က ရန်တောင်ကျေးရွာအထွက်၌ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲခြင်း၊ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းခြင်းများကြောင့် ကျေးရွာ ၁၀ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article