ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ကျောက်မဲတောင်စစ်တပ်စခန်းသို့ စစ်ကူတက်လာသော စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ပြီး စစ်တပ်က ပြည်သူ ၂၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း က္လားသစ္ဏတ် Lark Guerilla Force ပူးပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ထားဝယ်မြို့နယ်အတွင်းရှိ ဘဝပင်ချောင်းဖျားရွာ တောတွင်းတစ်နေရာ၌ ကျောက်မဲတောင်စခန်းသို့ စစ်ကူတက်လာသော ခလရ ၂၈၅ တပ်ရင်းမှ စစ်သား ၁၀၀ ကျော်ပါ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို ထိတွေ့ပွဲသည် ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က တောတောင်များအတွင်း စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူ ၂၀ ဦးခန့်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
“တိုက်ပွဲအတွင်းမှာတော့ စစ်ခွေး ၄ ကောင် ထိခိုက်သေဆုံးပါတယ်။ ကျနော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိပါဘူး။ စစ်ခွေးတွေက စစ်ဘေးရှောင်ပြည်သူ ၂၀ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်” ဟု က္လားသစ္ဏတ် Lark Guerilla Force ပူးပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို KKNLA B-12၊ က္ကားသစ္ဆတ်တပ်ဖွဲ့၊ ဘီလုံး ပြောက်ကျားတပ်ဖွဲ့ (LGF)၊အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့ (CDF)၊ သံမဏိပြောက်ကျား(နဘယံ) တပ်ဖွဲ့၊ ဒေါနတပ်ခွဲ(၇)၊ အရှေ့တောစင်္ကြာစစ်ကြောင်းနှင့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေး တပ်(TPLF) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။




