ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော သက်တမ်းကုန်ဆုံးတော့မည့် EU ၏ စီးပွားရေးပိတ်ဆို့မှုများကို သက်တမ်းတိုးရန်၊ ရုရှားနှင့် အီရန်မှ လောင်စာဆီတင်သွင်းမှု ရပ်တန့်ရေး တိုးမြှင့်အရေးယူရန် ITALIA-BIRMANIA.INSIEME အဖွဲ့က တောင်းဆိုလိုက်သည်။
မြန်မာ့အရေး ဆောင်ရွက်နေသည့် ITALIA-BIRMANIA.INSIEME အဖွဲ့က အီတလီနိုင်ငံခြားရေးဝန်ကြီး၊ EU နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲနှင့် EU ကုန်သွယ်ရေးကော်မရှင်နာတို့ထံသို့ ယမန်နေ့ စာတစ်စောင် ပေးပို့လိုက်ပြီး အဆိုပါစာတွင် လာမည့် ဧပြီလအတွင်း သက်တမ်းတိုးမည့် မြန်မာနိုင်ငံအပေါ် EU ၏ ပိတ်ဆို့အရေးယူမှုများကို ယခင်ထက် ပိုမိုတင်းကျပ်ရန် တိုက်တွန်းလိုက်သည်။
မြန်မာနိုင်ငံတွင် လေကြောင်းမှ အရပ်သားများကို ဗုံးကြဲတိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုဆိုးရွားလာသော်လည်း EU ၏ ပိတ်ဆို့အရေးယူမှုများသည် ထိရောက်စွာ အားကောင်းမလာနိုင်သည့် အန္တရာယ်ရှိနေကြောင်း အဆိုပါအဖွဲ့က ထောက်ပြထားသည်။
အထူးသဖြင့် စစ်တပ်က အမည်ခံ “အရပ်သား” အစိုးရအသစ် ဖွဲ့စည်းရန် ပြင်ဆင်နေခြင်းသည် စစ်အာဏာရှင်စနစ်ကို သက်တမ်းတိုးရန်သာ ဖြစ်ကြောင်း၊ ရုရှား၊ ဘီလာရုစ်၊ အီရန်နှင့် တရုတ်နိုင်ငံတို့က စစ်တပ်ကို နိုင်ငံရေး၊ စစ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးပိုင်းတွင် ပိုမိုကူညီလာနေကြောင်း၊ ရုရှားနှင့် အီရန်တို့၏ ပိတ်ဆို့မှုရှောင်ကွင်းသည့် ကွန်ရက်များကို အသုံးပြုကာ လေယာဉ်ဆီများကို အရိပ်အောက်မှ တရားမဝင် တင်သွင်းနေကြောင်း ထောက်ပြထားသည်။
လက်ရှိ EU ၏ ပိတ်ဆို့အရေးယူမှုများသည် လက်နက်တင်ပို့မှုနှင့် ပိုင်ဆိုင်မှု ချိတ်ပိတ်ခြင်းတို့ကိုသာ အာရုံစိုက်ထားသော်လည်း လေယာဉ်ဆီ ဝယ်ယူသည့် ထောက်ပံ့ရေးကွင်းဆက်ကို ထိရောက်စွာ မဖြတ်တောက်နိုင်ခြင်း၊ စစ်ရေးအတွက် နိုင်ငံခြားငွေ ခွဲဝေပေးနေသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အပါအဝင် နိုင်ငံပိုင်ဘဏ်များ၏ အခန်းကဏ္ဍကို လုံလောက်စွာ ကိုင်တွယ်နိုင်ခြင်း မရှိသေးကြောင်း အဆိုပါအဖွဲ့က ဆက်လက် ထောက်ပြသည်။
ITALIA-BIRMANIA.INSIEME က EU အနေဖြင့် စစ်ဘက်သုံးအတွက် လေယာဉ်ဆီ ရောင်းချမှု၊ ငွေကြေးထောက်ပံ့မှုနှင့် အာမခံဝန်ဆောင်မှုများကို ပြတ်ပြတ်သားသား တားမြစ်ရန်၊ စစ်တပ်ကို ထောက်ပံ့နေသည့် နိုင်ငံပိုင်ဘဏ်များကို အမည်ပျက်စာရင်းသွင်းရန်၊ ပိတ်ဆို့မှုကို ရှောင်ကွင်းပေးနေသည့် ကြားခံလူများ၊ သင်္ဘောလိုင်းများနှင့် အာမခံကုမ္ပဏီများကို အရေးယူရန်၊ ရုရှားနှင့် အီရန်တို့၏ ပိတ်ဆို့မှုရှောင်ကွင်းရေး ကွန်ရက်များနှင့် ဆက်နွယ်နေသည့် ထောက်ပံ့ရေးကွင်းဆက်များကို EU အနေဖြင့် စုပေါင်းအရေးယူရန် ၊ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများနှင့် ရွှေ့ပြောင်းလုပ်သား များ ၏ ငွေလွှဲမှုများကိုမူ မထိခိုက်အောင် အကာအကွယ်ပေးရန် တောင်းဆိုထားသည်။
စစ်ကောင်စီထံသို့ လေယာဉ်ဆီ ပို့ဆောင်ပေးနေသည့် သင်္ဘောများနှင့် ကုမ္ပဏီများစာရင်းကိုလည်း EU ထံသို့ တင်ပြထားပြီး၊ ယခုအချိန်တွင် ပြတ်ပြတ်သားသား အရေးမယူပါက EU ၏ ဂုဏ်သိက္ခာနှင့် ပိတ်ဆို့မှုများ၏ ထိရောက်မှုကို ထိခိုက်စေနိုင်ကြောင်း ITALIA-BIRMANIA.INSIEME အဖွဲ့က သတိပေးထားသည်။
ဓာတ်ပုံ- ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများကို သွားရောက် ကြည့်ရှုနေသော အကြမ်းဖက် မင်းအောင်လှိုင်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




