31 C
Yangon

သားဖြစ်သူ အောင်ပြည့်စုံကို လုပ်ပိုင်ခွင့် အပြည့်အ၀ချထားပေးသည့် ရတနာပုံမြို့သစ်စီမံကိန်းမှာလမ်းပန်း ဆက်သွယ်ရေး လွယ်ကူပြီး သင့်တင့်မျှတသည့်ရာသီဥတုနှင့် ပတ်ဝန်းကျင်ရှိသည့်နေရာကောင်းဟု မင်းအောင်လှိုင်က ပရိုမိုးရှင်းဆင်း၊ ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန် ဥပဒေများ ပြဋ္ဌာန်းပေးမည်ဟုဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံ ဦးဆောင်သော စီးပွားရေး လုပ်ငန်းများကို အဓိက လုပ်ပိုင်ခွင့် ချထားပေးခဲ့သည့် ရတနာပုံမြို့သစ်စီမံကိန်းတွင်လမ်းပန်း ဆက်သွယ်ရေး လွယ်ကူပြီး သင့်တင့်မျှတသည့်ရာသီဥတုနှင့် ပတ်ဝန်းကျင်ရှိသော နေရာဖြစ်ကြောင်း ပရိုမိုးရှင်းဆင်းသည်။

ယမန်နေ့ ရတနာပုံမြို့သစ်စီမံကိန်းတွင် ပြုလုပ်သော ဒီဂျစ်တယ်နှီးနှောဖလှယ်ပွဲနှင့် ပြပွဲအခမ်းအနားတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

ရတနာပုံမြို့သစ်သည် မန္တလေးမြို့၏ အပူပိုင်းရာသီဥတုနှင့် ပြင်ဦးလွင်မြို့၏ အအေးပိုင်းရာသီဥတုအကြားတွင် တည်ရှိသောကြောင့် အိုင်တီလုပ်ငန်းများအတွက် သင့်တော်သည့်ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ကြောင်း၊ ထို့အပြင် စီးပွားရေးအချက် အချာကျသည့် မန္တလေးမြို့နှင့် အနားယူအပန်းဖြေရာ မြို့တော်ဖြစ်သည့် ပြင်ဦးလွင် မြို့အနီးတစ်ဝိုက်တွင်တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူကောင်းမွန်ခြင်း၊ သင့်တင့်မျှတသည့်ရာသီဥတုနှင့် ပတ်ဝန်းကျင်တို့ကြောင့် အစစအရာရာ သင့်တော်ကောင်းမွန်သည့် နေရာတစ်ခုဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း တည်နေရာ အနေအထားအရ အခြေခံကောင်းများရှိနေသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

ရတနာပုံမြို့သစ်၏ အနီးဝန်းကျင်တွင်ရှိသည့်နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)၊ မန္တလေးမြို့အနီးပတ်ဝန်းကျင်ရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ လူ့စွမ်းအားအရင်း အမြစ်များကို Internship အလုပ်သင်အနေဖြင့် သုတေသနပြုလုပ်ရယူအသုံးပြုနိုင်ပြီး မြေတောင် မြှောက်ပေးနိုင်သည့် အားသာချက်တစ်ခုအနေဖြင့် ရှိနေသည်ကိုတွေ့ရကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။

ရတနာပုံမြို့သစ်တွင် ဒစ်ဂျစ်တယ်ဆိုင်ရာအခြေခံအဆောက်အအုံများနှင့် လိုအပ်ချက်များကို အ ကောင် အထည်ဖော်အဆင့်မြှင့်တင်ပေးရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုကိုဆွဲဆောင်ရန် လိုအပ်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းချမှတ်ပေးရမည်ဖြစ်ကြောင်း၊ အဓိကအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်းစားအကောင်အထည်ဖော်ကြရမည် ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ရတနာပုံမြို့သစ်စီမံကိန်း ခေါ် New Mandalay Resort City စီမံကိန်း ကို ပြန်လည် အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

ရတနာပုံမြို့သစ်စီမံကိန်းတွင် အောင်ပြည့်စုံက အိမ်ရာစီမံကိန်းအပြင် မြို့သစ်စီမံကိန်းတစ်ခုလုံး၏ ရေ၊မီး၊ လမ်းနှင့် အခြေခံ အဆောက်အအုံများကို တည်ဆောက်ခွင့်နှင့် လုပ်ပိုင်ခွင့်ရရှိထားသည်။

မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအနီးရှိ မြေဧက ၁ သောင်းတွင် ရတနာပုံမြို့သစ်စီမံကိန်းကို ၂၀၁၆ ခုနှစ်တွင် ပြနလည်စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ဆက်လက် အကောင် အထည်ဖော်ရန် ကြိုးပမ်းနေစဉ် ရပ်ဆိုင်းခဲ့ကြောင်း၊ NLD အစိုးရက အထက်မြန်မာပြည် အစိမ်းရောင်နှင့် နည်းပညာဖွံ့ဖြိုးရေး ဗဟိုပြု အပန်းဖြေဝန် ဆောင်မှုမြို့သစ် ဖန်တီးရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ စီမံကိန်းကို စတင်ခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင် ပြန်လည် ရပ်ဆိုင်းခဲ့ကြောင်း သိရှိရသည်။

ယခုအခါ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရတနာပုံမြို့သစ်စီမံကိန်းကို ပြန်လည် စတင်ခိုင်းနေပြီး ဆောက်လုပ်ရေးဝန်ကြီး ဦးဆောင်သော အဖွဲ့ဝင် ၁၂ ဦးပါ ရတနာမြို့သစ်စီမံကိန်း ကြီးကြပ်မှု ကော်မတီကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းစီမံကိန်းတွင် စစ်တပ်နှင့်နီးသော ခရိုနီများ လုပ်ကိုင်ခွင့်ရရှိမည့်အပြင် လတ်တလော မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံက ဆေးရုံ၊ လမ်းနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ခွင့်ရရှိထားကြောင်း သိရှိရသည်။

ပြင်ဦးလွင်မြို့ကို အထက် မြန်မာပြည်၏ အစိမ်းရောင်နှင့်နည်းပညာ ဖွံ့ဖြိုးရေးဗဟိုပြု အပန်းဖြေဝန် ဆောင်မှုမြို့ (Green and Smart City) ဖန်တီးရန်ဖြစ်ပြီး ရည်ရွယ်သော အဆိုပါ ရတနာပုံမြို့သစ်စီမံကိန်းကို မြို့ပြစီမံချက်များလည်း ရေးဆွဲပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ရတနာပုံမြို့သစ်စီမံကိန်းတွင် စိုက်ပျိုးရေးကို အခြေခံသော Agro-Based Industrial Zone Research and Development Center တစ်ခု ထူထောင်ရန် ၊ Education and Health Services/ Tourism Center ပါဝင်မည်ဖြစ်ပြီး ဆေးရုံများလည်း ပါဝင်ဖြစ်ကြောင်း ၊ ယခင် NLD အစိုးရလက်ထက်က စီမံကိန်း ၃ ပိုင်း ပါဝင်ပြီး စီမံကိန်းအဆင့် ၁ တွင် ဧက ၂၂၀၀ ပါဝင်ကြောင်း၊ စီမံကိန်း အပိုင်း ၂ တွင် ၂၉၁၉ ဧက ပါဝင်ပြီး စီမံကိန်းအပိုင်း ၃တွင် ၄၇၄၄ ဧက ပါဝင်ကာ စက်မှုဇုန်များ၊ အဆင့်မြင့် လူနေ အိမ်ရာ၊ တန်ဖိုးမျှတအိမ်ရာ ၊ ဂေါက်ကွင်း ၊ စိုက်ပျိုးရေးဇုန်နှင့် AGRO PARK ဧရိယာများ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

ရတနာပုံမြို့သစ် စီမံကိန်းကို ယခင်အာဏာရှင်ဟောင်း သန်းရွှေ လက် ထက် ၂၀၀၆ ခုနှစ် ဇွန်လတွင် စတင် အကောင်အထည်ဖော်ခဲ့ပြီး ရပ်ဆိုင်းသွားခဲ့ကြောင်း၊ ယင်းနောက် NLD အစိုးရလက်ထက် ရတနာပုံမြို့သစ်စီမံကိန်းကို ၂၀၁၆ခုနှစ်တွင် ပြန်လည်အကောင် အထည်ဖော်ခဲ့သော်လည်း မအောင်မြင်သောကြောင့် ၂ဝ၂ဝပြည့်နှစ်ကာလအတွင်း ရပ်ဆိုင်းသွားသော စီမံကိန်းတစ်ခုဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article