ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ရှိ မန်းသမ္ဘာရာရေနံချက်စက်ရုံနှင့် ကပစ ၂ ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအထူးတပ်ဖွဲ့ (SOS) ဦးဆောင်မှုဖြင့် မကွေးတိုင်း ပကဖ က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း SOS တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁ နာရီ ၂ မိနစ်အချိန် မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ သမ္ဘရာကန်ရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ အဓိကစက်ရုံများဖြစ်သည့် မန်းသမ္ဘရာရေနံချက်စက်ရုံနှင့် ကပစ-၂ အား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက် ခိုက်ခဲ့ရာ မန်းသမ္ဘရာရေနံချက်စက်ရုံအတွင်း ၁၀၇ မမ ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဝန်ထမ်းလိုင်းခန်းနှင့် စက်ရုံပတ်ဝန်းကျင်အား ထိမှန်ခဲ့ကြောင်း၊ ကပစ-၂ အတွင်းသို့လည်း ၁၀၇ မမ ၁ လုံး ကျရောက်ပေါက်ကွဲ၍ ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး အကြမ်း ဖက်မှုတိုက်ဖျက်ရေးအထူးတပ်ဖွဲ့ (SOS) ရဲဘော်များနှင့် မကွေးတိုင်း ပကဖ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“အဓိက တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက် က လေယာဥ်ဆီကို ဒီကနေ အဓိက ဖြန့်ပြီး ဝေဟင်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာဖြစ်တဲ့အတွက် လေယာဥ်ဆီ ထုတ်လုပ်နိုင်မှု ရပ်တန့်နိုင်မှ ကျမတို့တော် လှန်ရေး အရှိန်အဟုန် ပိုပြီးမြှင့်တင်နိုင်မှာ ဖြစ်တဲ့အတွက် ကျမတို့တပ်ဖွဲ့အနေနဲ့ အဓိကထားပြီးလုပ်ရခြင်းဖြစ်ပါတယ်” ဟု SOS တပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။
အဆိုပါ မန်းသံပုရာကန်မှ ချက်ထုတ်သော ဓာတ်ဆီများကို မန္တလေးတိုင်း၊ မကွေးတိုင်း နှင့် နေပြည် တော် ရှိ SME စက်သုံးဆီဆိုင်များကို အကြမ်းဖက် စစ်တပ်က ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
ဒေသပြည်သူများ၏ အဆိုအရ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မန်းသံပုရာကန်ရေနံချက်စက်ရုံနှင့် ကပစ ၂ ကို လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ၊ ထို တိုက်ခိုက်မှုအတွင်း ရေနံချက်စက်ရုံကို လက် နက်ကြီး ၃ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး ဝန်ထမ်းလိုင်းခန်းကို ထိမှန်ကာ ထိခိုက်မှုများရှိကြောင်း၊ အလားတူ ကပစ ၂ ကိုလည်း လက်နက်ကြီးကျည် ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
“အဲဒီသတင်းကိုတော့ စစ်တပ်က သတင်းဖုံးထားတယ်။ ပေါက်ကွဲမှုဖြစ်တာကတော့ သေချာတယ်။” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။




