ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ငါးနှစ်အကြာ၌ တိုင်းပြည်စီးပွားရေးသည် ပုံမှန်အခြေအနေမှ “စစ်စီးပွားရေး (War Economy)” အသွင်သို့ ကူးပြောင်းသွားပြီဖြစ်သဖြင့် ဥရောပသမဂ္ဂ (EU) အနေဖြင့် စစ်တပ်၏ အကျိုးစီးပွားကို အထောက်အပံ့ဖြစ်စေသော အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေး (EBA) ကို ရုပ်သိမ်းရန်နှင့် နိုင်ငံတကာကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမှ တာဝန်ယူမှုရှိစွာ ထွက်ခွာကြရန် ကမ္ဘာ့အလုပ်သမားအဖွဲ့ IndustriALL Global Union က တိုက်တွန်းလိုက်သည်။
မြန်မာအလုပ်သမားသမဂ္ဂခေါင်းဆောင် မခိုင်ဇာနှင့် IndustriALL Global Union ၏ အထွေထွေအတွင်းရေးမှူး Atle Høie တို့ ပူးတွဲရေးသားသည့် ဆောင်းပါးတွင် လက်ရှိမြန်မာနိုင်ငံသည် “ကုန်ကြမ်းဝယ်ယူရန် အန္တရာယ်ကြီးမားသည့် နေရာ” အဆင့်ထက် ကျော်လွန်သွားပြီဖြစ်ကြောင်း၊ “တာဝန်ယူမှုရှိစွာ ထွက်ခွာခြင်း (Responsible Exit)” သည်သာ ယခုအခါတွင် တာဝန်သိတတ်သော တစ်ခုတည်းသော ရွေးချယ်မှုဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ အထည်ချုပ်ကဏ္ဍမှာ စစ်တပ်အတွက် နိုင်ငံခြားငွေ အများဆုံးရရှိရာ အရင်းအမြစ်တစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် အထည်ချုပ်ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံ ရရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဥရောပတစ်နိုင်ငံတည်းက မြန်မာနိုင်ငံမှ အထည်အလိပ်နှင့် အဝတ်အထည်များကို ယူရို ၂ ဒသမ ၈ ဘီလီယံခန့် တင်သွင်းခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ ပို့ကုန်များ၏ အများစုမှာ EU ၏ Everything But Arms- EBA အထူးအခွင့်အရေးအရ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်က နိုင်ငံခြားငွေများကို ဗဟိုမှ တင်းကျပ်စွာ ထိန်းချုပ်ထားပြီး အထည်ချုပ်လုပ်ငန်းမှရရှိသော ဝင်ငွေများကို သိမ်းယူကာ လောင်စာဆီနှင့် စားအုန်းဆီ တင်သွင်းမှုကဲ့သို့သော ၎င်းတို့၏ ဦးစားပေးလုပ်ငန်းများတွင် ခွဲဝေသုံးစွဲနေကြောင်း၊ လောင်စာဆီ တင်သွင်းမှုသည် အရပ်သားလူထုအပေါ် လေကြောင်းမှ ဗုံးကြဲခြင်းနှင့် စစ်ဆင်ရေးများ ဆောင်ရွက်ရန်အတွက် မရှိမဖြစ်လိုအပ်သဖြင့် ဤကုန်သွယ်မှုဝင်ငွေများသည် ဖိနှိပ်ရေးယန္တရားကို အားကောင်းစေသည့် အစိတ်အပိုင်းဖြစ်လာကြောင်း ထောက်ပြထားသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) သည် ၂၀၂၅ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ ကို ကျင့်သုံး၍ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးများကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းခဲ့သည်။ ဥရောပသမဂ္ဂအနေဖြင့်လည်း လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများ စနစ်တကျ ချိုးဖောက်ခံနေရသည့် မြန်မာနိုင်ငံအတွက် EBA အခွင့်အရေးကို ချက် ချင်းရပ်ဆိုင်းသင့်ကြောင်း IndustriALL က ထောက်ပြထားသည်။
ယင်းအပြင် ကမ္ဘာ့အလုပ်သမားအဖွဲ့ -IndustriALL အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မြန်မာ နိုင်ငံမှ ထွက်ခွာရေး တောင်းဆိုရာတွင် ကြိုတင်အကြောင်းကြားခြင်းနှင့် လုပ်ခလစာ အာမခံချက်ပေးခြင်း၊ နစ်နာကြေးများ ပေးချေခြင်းနှင့် လျော်ကြေးရန်ပုံငွေများ ထားရှိခြင်း၊ တရားဝင် အလုပ်သမားကိုယ်စားလှယ်များနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ စက်ရုံနှင့် စာချုပ်များကို စစ်တပ်နှင့် ဆက်နွှယ်သော လုပ်ငန်းစုများလက်ထဲသို့ မရောက်စေရန် ကာကွယ်ခြင်း ဆောင်ရွက်ရန် တိုက်တွန်းထားသည်။
စစ်တပ်၏ စီးပွားရေးစနစ်အတွင်း ပုံမှန်အတိုင်း စီးပွားရေးလုပ်ဆောင်နေခြင်းသည် ကြားနေသော ရွေးချယ်မှုမဟုတ်ဘဲ ဖိနှိပ်မှုများကို ငွေကြေးအရ ပါဝင်ပတ်သက်နေခြင်းသာ ဖြစ်သဖြင့် နိုင်ငံတကာအစိုးရများနှင့် အမှတ်တံဆိပ်များအနေဖြင့် ၎င်းတို့ပေးထားသော လူ့အခွင့်အရေး ကတိကဝတ်များအတိုင်း လက်တွေ့လုပ်ဆောင်ရန် အချိန်တန်ပြီဖြစ်ကြောင်း ကမ္ဘာ့အလုပ်သမားအဖွဲ့ -IndustriALL တိုက်တွန်းထားသည်။
ဓာတ်ပုံ- Reuters ။




