ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်က ခရီးသွားပြည်သူ ၇ ဦးကို ပစ်သတ်ပြီး ရုပ်အလောင်းများကို တောထဲတွင် စွန့်ပစ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာအနီး၌ ခရီးသွားပြည်သူ ၇ ဦးသည် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာစဉ် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ပြီး ဖမ်းဆီး ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ပစ်သတ်သွားသော ပြည်သူ ၇ ဦး၏ အမည်နှင့် နေရပ်လိပ်စာများကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ထိတွေ့ တိုက်ပွဲများသည်လည်း သရက်ချောင်းမြို့နယ် အတွင်း ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ်နေကြောင်း သိရှိရသည်။
“မနေ့က သရက်ချောင်း စုံစင်ဖျားဘက်မှာ စစ်ခွေး စစ်ကြောင်းက ခရီးသွားပြည်သူတွေကို လမ်းမှာဖမ်းပြီး ရက်ရက်စက်စက်ပစ်သတ်သွားတယ်။ စစ်ခွေးပစ်သတ်သွားတာ ပြည်သူ ၇ ဦးပဲ ခရီးသွားတွေဆိုတော့ အမည်နဲ့ လိပ်စာတွေ မသိရသေးဘူး။ သရက်ချောင်းမြို့နယ်ထဲမှာ တိုက်ပွဲက ဆက်လက်ပြင်းထန်နေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည်လည်း ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတောက်လျှောက်ရှိ ပြည်သူပိုင် နေအိမ်များကို စိတ်ကြိုက် ဝင်ရောက်ပျက်စီးပြီး ပစ္စည်းများကို ခိုးယူနေကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင်လည်း အကြမ်းဖက် စစ်တပ်က သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ နေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။




