ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ရှိ စလင်းချောင်းအတွင်း ကိုင်းပင်ခြုံနွယ်များကို စစ်တပ်က မီးရှို့ရာမှတစ်ဆင့် အနီးရှိ ပေါင်းမကျေးရွာသို့ မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် နေအိမ် ၃၇ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြည်သူ့ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက အတည်ပြုပြောကြားသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၉ နာရီခန့်အချိန် စလင်းမြို့နယ်ရှိ လင်းဇင်းရဲစခန်းမှ စစ်ကောင်စီတပ် သားများက စလင်းချောင်းအတွင်းရှိ ကိုင်းပင်ခြုံနွယ်များကို မီးရှို့ရှင်းလင်းခဲ့ကြောင်း၊ ထိုသို့ မဆင်မခြင် မီးရှို့မှုကြောင့် ထွက်ပေါ်လာသော မီးပွားများသည် စလင်းချောင်းဘေး မြောက်ဘက်ကပ်လျက်တွင်ရှိသည့် ပေါင်းမကျေးရွာအတွင်းသို့ ကူးစက်ကာ နေအိမ်များ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
စစ်တပ်စခန်းဖြစ်သော လင်းဇင်းရဲစခန်းနှင့် ပေါင်းမကျေးရွာကြားရှိ စလင်းချောင်းအတွင်း ကိုင်းပင်များနှင့် သစ်ပင်ခြုံနွယ်များထဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ခိုအောင်းဝင်ရောက်ကာ တိုက်ခိုက်လာမည်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ မီးရှို့ရှင်းလင်းခြင်းဖြစ်သည်ဟု စစ်တပ်က အကြောင်းပြသည်။
” စစ်ခွေးတွေက ပြည်သူတွေကို ဖမ်းဆီးတာတော့ မရှိဘူး။ စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ၂၅၃ ၂၅၄ ၂၅၅တပ်တွေနဲ့ ဆင်ကျုံးဂိတ်စခန်းငယ် လင်းဇင်းစခန်းတွေကနေ လက်နက် ကြီး ရမ်းသမ်းပစ်ခတ်မှုတွေတော့ရှိတယ်။ လောလောဆယ် စစ်ကြောင်းက ပြောင်းခင်းဘက်မှာစစ်ကြောင်း တစ်ကြောင်းရှိတယ်”ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူကပြောဆိုသည်။
ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း လင်းဇင်းစခန်းဘက်သို့ သံချပ်ကာကားတစ်စီးအပါအဝင် ယာဉ်တန်းဖြင့် စစ်ကောင်စီအင်အား ၄၀ ကျော် ထပ်မံဖြည့်တင်းနေကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




